တောင်တွင်းကြီး ၃ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်တွင် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိပြီးသော ဦးပိုင်များအား လယ်ယာမြေ အဆင့်မြှင့်တင်ခြင်းကြောင့် ဧရိယာပြောင်းလဲသွားခြင်းအပေါ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပြင်ဆင်ထုတ်ပေးခြင်း အခမ်းအနားကို ယမန်နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲမှု ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က လယ်ယာမြေ အဆင့်မြှင့်တင်ခြင်း ကြောင့် ဧရိယာပြောင်းလဲသွားခြင်းအပေါ် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇) ပြင်ဆင်ထုတ်ပေးရခြင်း ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့်၊ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး မြို့နယ် မြေစာရင်းဦးစီးဌာနမှူး ဦးခင်မောင်အေးတို့က သီရိမင်္ဂလာကျေးရွာ၊ ၀က္ကသေးကျေးရွာ၊ ပရပ်ကြယ်ကျေးရွာအုပ်စုတို့မှ တောင်သူ (၅၆၉)ဦးကိုယ်စား ကျေးရွာလယ်ယာမြေစီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌများထံသို့ ပုံစံ(၇)ပြင်ဆင်ထုတ်ပေးသည့် ဦးပိုင်ပေါင်း (၇၃၇)ခုအား လွှဲပြောင်းပေးအပ်ခဲ့ပြီး တောင်သူများကိုယ်စား ဝက္ကသေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


