နေပြည်တော် ၃  အောက်တိုဘာ

 

CERP စီမံချက်အရ စိုက်ပျိုးခဲ့သည့် မိုးစပါးမျိုးစေ့ထုတ် စိုက်ကွင်းများ၌ ပိုးမွှားရောဂါကျရောက်မှု မရှိစေရန် ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ မျိုးကွယ်ပယ်ခြင်း လုပ်ငန်းများကို တောင်သူများ အချိန်မီ အချိန်ကိုက် ဆောင်ရွက်နိုင်ရေး ၊ မြေဆီလွှာ အဟာရဓာတ်များ တိုးတက်လာစေရန်၊ လယ်ယာစွန့်ပစ် ပစ္စည်းများ အကျိုးရှိစွာ အသုံးချပြီး EM သဘာဝမြေသြဇာအဖြစ် သုံးစွဲနည်းများ ဆွေးနွေးသရုပ်ပြခြင်းတို့ကို ချောင်းဦးမြို့နယ်၊ စိုက်ပျိုးရေးဦးစီးဌာန၊ အမြင့်စိုက်ပျိုးနည်းပညာ ပြန့်ပွားရေးစင်တာ ကွင်းတာဝန်ခံများက ယနေ့ နံ့နက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

 

ချောင်းဦးမြို့နယ်၌ ဆန်စပါး၊ ဆီထွက်သီးနှံနှင့် ပဲမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုများအပြင် အခြားသီးနှံစိုက်ပျိုး လုပ်ကိုင်သည့် လုပ်ကွက်ငယ်တောင်သူများလည်းရှိကြရာ အရည်အသွေးကောင်းသီးနှံများ စိုက်ပျိုးထုတ်လုပ် နိုင်ရေးနှင့် အစားအစာဘေးကင်းလုံခြုံရေးတို့အတွက် စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ အသုံးပြုရာတွင်  ဓာတုဆေးများ လျော့ချသုံးစွဲနိုင်ရေး၊ သဘာဝမြေသြဇာပြုလုပ်သုံးစွဲရေးနှင့် သီးနှံပိုးမွှားရောဂါ ဘက်စုံကာကွယ်ရေး နည်းလမ်းများ အသုံးပြုနိုင်ရေးတို့အတွက် စိုက်ပျိုးရေးပညာရှင်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေး လျက်ရှိကြောင်း ကွင်းတာဝန်ခံများဖြစ်ကြသည့် ဦးကျော်သူရထွန်းနှင့် ဦးအောင်ကျော်သူတို့ထံမှ သိရသည်။

 

ဆူးပုတ်ကြီး သီးနှံစိုက်ပျိုးရောင်းချရာတွင် တစ်ကြိမ်စိုက်ပျိုးပြီးပါက (၁၀)နှစ်ခန့် ခူးယူရောင်းချနိုင်ကြောင်း၊ တစ်ကြိမ်ခူးပါက ဆူးပုတ်ပိဿာ(၃၀)မှ (၄၀)ပိဿာခန့်ခူးပြီး ရောင်းချရကြောင်း၊ ရေပုံမှန်သွင်းပေးလျှင် (၂)ရက်ခြား တစ်ခါ ခူးယူရရှိကြောင်း၊ ရာသီမရွေး ခူးယူရောင်းချနိုင်သဖြင့် စီးပွားရေးတွက်ခြေကိုက်ကြောင်းနှင့် ရောင်းချရာ တွင်လည်း ပြန်လည်ရောင်းချသည့် ကုန်စိမ်းဈေးသည်များက ခြံအရောက် လာရောက်ဝယ်ယူသဖြင့် အဆင်ပြေစွာ ရောင်းချရကြောင်း ချောင်းဦးမြို့နယ် ရွှေဒါးကျကျေးရွာမှ အိမ်ခြံဝန်းစိုက်ခင်းအဖြစ် ဆူးပုတ်ကြီး တစ်ပိုင်တစ်နိုင် စိုက်ပျိုးသည့် တောင်သူ ဒေါ်ချောပို ထံမှ သိရသည်။

 

ဆူးပုတ်စိုက်ခင်း (၀ ဒသမ ၆)ဧက ခူးရာတွင်လည်း မိသားစုလုပ်အားဖြင့် ခူးယူရောင်းချနိုင်သဖြင့် တစ်နှစ်ဝင်ငွေ  ၂၈ သိန်းခန့် ရရှိကြောင်း၊ ကိုဗစ်-၁၉ ကာလဖြစ်သော်လည်း ပုံမှန်ဝယ်ယူသူများအား ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

 

ချောင်းဦးမြို့နယ် ချောင်းမနားကျေးရွာ၊ ဆူးလေကုန်းကျေးရွာ၊ ရွှေဒါးကျကျေးရွာ၊ ထန်းတောကြီးကျေးရွာ၊ ကြက်သွန်စျေးကျေးရွာ၊ အမြင့်ကျေးရွာများရှိ ဟင်းသီးဟင်းရွက်နှင့် ဥယျာဉ်ခြံသီးနှံ စိုက်ခင်းများအနေဖြင့် ကိုဗစ်-၁၉ ကာလအတွင်း စိုက်ပျိုးဆောင်ရွက်နေမှု အရှိန်အဟုန် လျော့ကျမှုမဖြစ်ပေါ်စေရန်နှင့် စိုက်ပျိုးထုတ်လုပ်သူများ ဝင်ငွေပုံမှန်ရရှိရေး၊ စျေးကွက်ချိတ်ဆက် ဆောင်ရွက်မှုအဆင်ပြေ ချောမွေ့စေရေးတို့အတွက် မြို့နယ် စိုက်ပျိုးရေး ဦးစီးဌာန တာဝန်ရှိသူများက အနည်းကပ် ကွင်းဆင်းကူညီ ဆောင်ရွက်ပေးနေကြခြင်းဖြစ်ကြောင်း သိရသည်။ 

 

ညီညီသန်း(နေပြည်တော်)