နေပြည်တော် ၃ အောက်တိုဘာ
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့နံနက်ပိုင်းတွင် တိုင်းဒေသကြီး/ ပြည်နယ် (၆)ခုရှိ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေသည့် မြို့နယ်ဆရာဝန်ကြီးများနှင့် Videoconferencing စနစ်ဖြင့် တွေ့ဆုံဆွေးနွေး၍ အားပေးစကား ပြောကြားကာ အကြံပြုချက်များ ရယူသည်။
တွေ့ဆုံပွဲတွင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်အောင်မြင်မှုသည် နိုင်ငံတစ်ဝန်းလုံးရှိ မြို့နယ်အသီးသီးမှ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနများ၏ လုပ်ငန်းပီပြင် ထိရောက်မှုအပေါ် တိုက်ရိုက်မူတည်နေသဖြင့် မြို့နယ်ဆရာဝန်ကြီးများ၏ အခန်းကဏ္ဍသည် အထူးအရေးကြီးပါကြောင်း၊ ယနေ့တွေ့ဆုံဆွေးနွေးရခြင်းမှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား လက်တွေ့မြေပြင်တွင် ဆောင်ရွက်နေရာ၌ တွေ့ကြုံရသော စိန်ခေါ်မှုနှင့် အခက်အခဲများ၊ ထပ်မံလိုအပ်ချက်များနှင့် လက်တွေ့ အကြံပြုချက်များကို သိရှိနိုင်ရန်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ရှုထောင့်ပေါင်းစုံ၊ ဘက်ပေါင်းစုံမှ အတွေးအမြင်၊ အကြံပြုချက်များ ရယူဆောင်ရွက်မှသာ ဗဟို၌ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်မည်ဖြစ်ပါကြောင်း၊ ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဆေးရုံကြီး (၄)ခုမှ အထူးကုဆရာဝန်များ၊ ဆရာဝန်များ၊ သူနာပြုများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် တင်ပြခဲ့သည့် လိုအပ်ချက်နှင့် အကြံပြုချက်များအား အတတ်နိုင်ဆုံးဖြည့်ဆည်းဆောင်ရွက်ရန်အတွက် ညွှန်ကြားထားပြီး ဖြစ်သကဲ့သို့ လုပ်ဆောင်နိုင်မှုနှင့် လုပ်ဆောင်ပြီးစီးမှု အခြေအနေများကို ပြန်လည်တင်ပြရန် သက်ဆိုင်ရာတာဝန်ရှိသူများထံသို့ email ဖြင့် ပေးပို့အကြောင်းကြားမည် ဖြစ်ပါကြောင်း။
ယခုကဲ့သို့ ကပ်ရောဂါတုံ့ပြန်ဆောင်ရွက်ရာတွင် အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်မှု၊ သတင်းအချက် အလက်များမျှဝေမှုနှင့် မြို့နယ်၊ တိုင်းဒေသကြီး/ ပြည်နယ်နှင့် နေပြည်တော်ဗဟိုတို့ စနစ်တကျချိန်သားကိုက် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတို့သည် အထူးအရေးကြီးပါကြောင်း၊ မြို့နယ်ဆရာဝန်ကြီးများ အနေဖြင့် မိမိတို့ တာဝန်ထမ်းဆောင်ရာ မြို့နယ်တွင် လိုအပ်ချက်များအား မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီနှင့် တိုင်ပင်ညှိနှိုင်းကာ အချိန်နှင့်တစ်ပြေးညီ ဆုံးဖြတ်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်ဖြင့် ဆောင်ရွက်နိုင်ခြင်းမရှိသည့် ကိစ္စရပ်များကို တိုင်းဒေသကြီး/ပြည်နယ်သို့လည်းကောင်း၊ ဗဟိုအဆင့်သို့လည်းကောင်း အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ဆောင်ရွက်နိုင်သည့် အတိုင်းအတာကျော်လွန်သည့် ကိစ္စရပ်များကို ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ တင်ပြကာ ဆောင်ရွက်လျက်ရှိပါကြောင်း။
ကိုဗစ်-၁၉ ရောဂါသည် အသက်ရှူလမ်းကြောင်းမှ တစ်ဆင့်ကူးစက်တတ်သော ရောဂါဖြစ်သည့်အတွက် လူစုလူဝေး ပြုလုပ်ခြင်း၊ ပါးစပ်နှင့်နှာခေါင်းစည်း (Mask)ကို စနစ်တကျ မတပ်ဆင်ခြင်းပြုလုပ်ပါက ရောဂါလျင်မြန်စွာ ကူးစက်ပျံ့နှံ့ကာ ထိန်းချုပ်ရအလွန်ခက်ခဲမည် ဖြစ်ပါကြောင်း၊ ကမ္ဘာ့ဖွံ့ဖြိုးပြီးနိုင်ငံကြီးများတွင်လည်း ယခုအချိန်အထိ ကိုဗစ်-၁၉ ဖြစ်ပွား သေဆုံးမှုများ မြင့်မားလျက်ရှိပြီး မိမိတို့မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲနိုင်ငံအတွက် ကိုဗစ်-၁၉ သည် လူမှုစီးပွားရေးကို ကြီးမားသောရိုက်ခတ်မှုတစ်ခု ဖြစ်ပါကြောင်း၊ ယခုကဲ့သို့ ကိုဗစ်-၁၉ လျင်မြန်စွာပျံ့နှံ့နေသည့် အတွက် လုပ်ငန်းများဆောင်ရွက်ရာတွင် အခက်အခဲများနှင့် အားနည်းချက်များ ကြုံတွေ့နိုင်မည်ဖြစ်ပြီး တစ်ဦးနှင့် တစ်ဦးနားလည်သည်းခံကာ အသင်းအဖွဲ့စိတ်ဓာတ်ကောင်းများဖြင့် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် မြို့နယ် အဆင့်၌ ဆက်လက်ဆောင်ရွက်ကြစေလိုပါကြောင်း။
ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်မှု လုပ်ငန်းဗျူဟာနှင့် လုပ်ငန်းလမ်းညွှန်ချက်များကို ရောဂါဆိုင်ရာ တွေ့ရှိချက် အသစ်များ၊ ပြောင်းလဲလာသော အခြေအနေအရပ်ရပ်များ၊ မိမိတို့တွင်ရှိသော အရင်းအမြစ်များ၊ လုပ်ဆောင်နိုင်သည့် အတိုင်းအတာတို့နှင့်အညီ မွမ်းမံပြောင်းလဲဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်၍ အဆိုပါ လုပ်ငန်းလမ်းညွှန်ချက် များကို အချိန်နှင့်တစ်ပြေးညီ သိရှိဆောင်ရွက်နိုင်ရန်အတွက် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် ဝန်ကြီးဌာန၏ အင်တာနက်စာမျက်နှာကို နေ့စဉ်ကြည့်ရှုခြင်း၊ အီးမေးလ်များကို ပုံမှန်ကြည့်ရှုတုံ့ပြန်ခြင်းတို့ကို မဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ အသွားအလာကန့်သတ်သည့်နေရာများအား စီမံခန့်ခွဲမှုများသည် အထူးအရေးကြီး သည့်အတွက် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် ပိုမိုပီပြင်စေရန် ပထမဦးစားပေးအနေဖြင့် ဆောင်ရွက် ပေးစေလိုပါကြောင်း၊ မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် မိမိတို့မြို့နယ်၏ ဆေးနှင့်ဆေးပစ္စည်း လိုအပ်ချက် အပါအဝင် အခြားလိုအပ်ချက်များကို အမြဲတမ်း ဆန်းစစ်သုံးသပ်မှုများ ပုံမှန်ပြုလုပ်ကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်များသို့ စာရင်းပေးပို့ တောင်းဆိုရမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် အဆိုပါ လိုအပ်ချက်များကို တိုင်းဒေသကြီး/ ပြည်နယ်များသို့ ပံ့ပိုးဖြည့်ဆည်းပေးမည်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် မိမိနေအိမ်တွင်သာ နေထိုင်ရေးအစီအစဉ် (Stay at Home) သတ်မှတ်ထားသော ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်၊ တောင်ဥက္ကလာပ၊ သင်္ဃန်းကျွန်း၊ မင်္ဂလာဒုံ၊ ကြည့်မြင်တိုင်၊ သန်လျင်၊ ဒလနှင့် လှိုင်သာယာမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေနှင့် အမရပူမြို့နယ်၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ကဝမြို့နယ်နှင့် ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တို့မှ မြို့နယ်ဆရာဝန်ကြီးများက သက်ဆိုင်ရာ မြို့နယ်အလိုက်တင်ပြကြရာ ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ရှာဖွေထောက်လှမ်းခြင်းလုပ်ငန်းများအတွက် ကျန်းမာရေးဝန်ထမ်းများ မြို့နယ်အလိုက် အဖွဲ့များဖွဲ့စည်းကာ တာဝန်ထမ်းဆောင်နေမှု၊ အသွားအလာကန့်သတ်ရာနေရာများတွင် ကျန်းမာရေးဝန်ထမ်း များကို အဖွဲ့များဖွဲ့ကာ တာဝန်ထမ်းဆောင်နေမှု၊ ဓာတ်ခွဲနမူနာများရယူရန် အဖွဲ့များဖွဲ့ကာ တာဝန်ထမ်းဆောင်နေမှု၊ အဖွဲ့များ အလိုက် Viber Group များဖွဲ့ကာ ချိတ်ဆက်ဆောင်ရွက်နေမှု၊ ဆေးရုံများတွင် COVID-19 လူနာများအား ကုသမှုပေးနေမှုနှင့် လိုအပ်ချက်များ၊ ကိုဗစ်-၁၉ သံသယလက္ခဏာရှိသူများ၊ COVID-19 လူနာနှင့် ထိတွေ့ခဲ့သူများထံမှ ဓာတ်ခွဲနမူနာများ ရယူစုဆောင်းကာ ဓာတ်ခွဲဌာနများသို့ ပေးပို့စစ်ဆေးနေမှု၊ မြို့နယ်အလိုက် ကျန်းမာရေး ဝန်ထမ်းအင်အား အခြေအနေနှင့် ဝန်ထမ်းများ ပင်ပန်းနွမ်းနယ်နေမှု၊ လုပ်ငန်းများတွင် ပရဟိတ စေတနာရှင်များက ဝိုင်းဝန်းကူညီဆောင်ရွက်နေမှု၊ လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီများက ယခင်ကထက် ပိုမိုပူးပေါင်းပါဝင်လာမှု၊ ဌာနဆိုင်ရာများနှင့် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှု၊ အသွားအလာကန့်သတ်ရန် နေရာများ ပြင်ဆင်ထားရှိမှု၊ ယာယီဆေးရုံများ စီစဉ်နေမှုနှင့် လိုအပ်ချက်များ၊ လတ်တလော အနံ့ပျောက်လက္ခဏာ ခံစားရသူများအား နေရာတစ်ခုတွင်ထားရှိကာ ဓာတ်ခွဲနမူနာယူခြင်းနှင့် ကုသမှုပေးခြင်းများ ဆောင်ရွက်နေမှုနှင့် လိုအပ်ချက်များ၊ ဓာတ်ခွဲနမူနာများပေးပို့ပြီး ဓာတ်ခွဲအဖြေရရှိရန် စောင့်ဆိုင်းရန် အချိန်ကြာနေမှု၊ ရောဂါကူးစက်ခံရနိုင်ချေရှိသည့် ဝန်ထမ်းများ နေအိမ်သို့မပြန်ဘဲ နေထိုင်ရန်အတွက် အဆောင်/နေရာများ လိုအပ်မှု၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် များပြားသောလုပ်ငန်းများနှင့် များပြားသော လူနာများ၊ အသွားအလာကန့်သတ်ထားသူများအတွက် လုပ်ဆောင်နေရသောကြောင့် အားနည်းလစ်ဟာမှုများ ရှိနေမှုနှင့် လိုအပ်သည့်ပံ့ပိုးမှုများ။
ဓာတ်ခွဲနမူနာရယူခန်း (swab booth) များ၊ Pulse Oxymeter များနှင့် သွေးပေါင်ချိန်တိုင်းကိရိယာများ ထပ်မံ လိုအပ်နေမှု၊ အသွားအလာကန့်သတ်ရာ နေရာများတွင် ရေချိုးခန်းများနှင့် ရေအိမ်များလိုအပ်နေမှု၊ မင်္ဂလာဒုံမြို့နယ် တွင် တွေ့ရှိရသော ကိုဗစ်-၁၉ လူနာများတွင် စက်ရုံ၊ အလုပ်ရုံများမှ လူနာများပါဝင်သဖြင့် ၎င်းတို့နှင့် ထိတွေ့ခဲ့ သူဦးရေများပြားမှု၊ ဧရာဝတီတိုင်းဒေသကြီးတွင် ကိုဗစ်-၁၉ လူနာတွေ့ရှိမှုများပြားသည့် နေရာများအား လမ်းအလိုက် အဝင်အထွက် အသွားအလာကန့်သတ်ခြင်းများကို လုပ်ဆောင်မှု၊ မအူပင်မြို့နယ်တွင် မြို့နယ် အတွင်းသို့ ကုန်းလမ်းမှ ဝင်ရောက်သူများအား စနစ်တကျ စိစစ်နိုင်သော်လည်း ရေလမ်းကြောင်းအမျိုးမျိုးမှ ဝင်ရောက်လာသူများအား မစိစစ်နိုင်မှု၊ ဒလမြို့နယ်တွင်တွေ့ရှိရသော ကိုဗစ်-၁၉ လူနာများတွင် သက်ကြီး ဘိုးဘွားနှင့် လေဖြတ်ရောဂါရှိ၍ နေအိမ်မှပြင်ပသို့ မထွက်သူများပါဝင်နေပြီး ၎င်းတို့နှင့် နေထိုင်သူများမှ တစ်ဆင့်ကူးစက်ခြင်းကို တွေ့ရှိရမှုနှင့် လူနာတင်ယာဉ်ထပ်မံလိုအပ်မှု၊ ကဝမြို့နယ်တွင် ကျေးရွာများ၌ ကျန်းမာရေး ဌာနနှင့် အာဏာပိုင်များက ကျေးရွာအလိုက် အသွားအလာကန့်သတ်ရာ နေရာများထားရှိ ဆောင်ရွက်နေမှု၊ ဖားကန့်မြို့နယ်တွင် လူနာတင်ယာဉ်လိုအပ်မှုနှင့် အထွေထွေဆွေးနွေးချက်များ၊ အကြံပြုချက်များကို တင်ပြကြသည်။
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာမြလေးစိန်က ဆေးနှင့် ဆေးပစ္စည်းဝယ်ယူခြင်း၊ ဖြန့်ဖြူးခြင်း၊ ထောက်ပံ့ ပို့ဆောင်ခြင်းလုပ်ငန်းများကို မိမိကိုယ်တိုင်ဦးစီးဆောင်ရွက်လျက်ရှိကြောင်း၊ တစ်ကိုယ်ရေသုံး ရောဂါကာကွယ်ရေး ဝတ်စုံများ၊ N95 mask များကို ဖြန့်ဝေးပေးထားပြီး လိုအပ်မှုရှိက အချိန်နှင့်တစ်ပြေးညီ ထပ်မံတောင်းခံ စေလိုပါကြောင်း၊ Pulse Oxymeter များ၊ သွေးပေါင်ချိန်တိုင်းကိရိယာများကို ထပ်မံပေးပို့သွားမည် ဖြစ်ပါကြောင်း၊ ဓာတ်ခွဲနမူနာရယူခန်း (sample collection booth) များ မြို့နယ်အလိုက် ထပ်မံဝယ်ယူအသုံးပြုရန် ဘဏ္ဍာငွေ များကို တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ စက်တင်ဘာလအတွင်းက ပေးပို့ထားပြီးဖြစ်ပါကြောင်း၊ အမျိုးသား ကျန်းမာရေးစီမံကိန်းအရ နှစ်အလိုက် ဦးစားပေးမြို့နယ်များကို လူနာတင်ယာဉ်များ ခွဲဝေချထားပေးပြီး ထပ်မံလိုအပ်မှုများအား စိစစ်ပေးပို့မည်ဖြစ်ပါကြောင်း၊ လိုအပ်ချက်များအား အချိန်နှင့်တစ်ပြေးညီ တင်ပြတောင်းခံကြရန် ဖြစ်ပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အမြဲတမ်းအတွင်းဝန် ပါမောက္ခဒေါက်တာသက်ခိုင်ဝင်း၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသာထွန်းကျော်နှင့် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးဦးတို့က တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြောကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးက လိုအပ်ချက်များမှ ချက်ချင်းဖြည့်ဆည်းပေးနိုင်သည်များကို စီစဉ်ဖြည့်ဆည်း ပေးကာ တင်ပြချက်များအပေါ် ပြန်လည်ဆွေးနွေးပြောကြားရာတွင် ယနေ့ ဆွေးနွေးသွားခဲ့သည့် အချက်များတွင် မြို့နယ်တစ်ခုမှ ကောင်းမွန်သည့်လုပ်ဆောင်ချက်ကို အခြားမြို့နယ်များမှ အတုယူလုပ်ဆောင်နိုင်ပါကြောင်း၊ ရန်ကုန် တိုင်းဒေသကြီးအတွင်း သတင်းအချက်အလက်ပေးပို့မှုများ ပိုမိုကောင်းမွန်စေရေးအတွက် ဝန်ကြီးဌာနမှ Mobile Tablet များ ပေးအပ်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး/ပြည်နယ် ဦးစီးဌာနမှူးများ အနေဖြင့် မြို့နယ်ဆရာဝန်ကြီး များနှင့် Videoconferencing စနစ် ပုံမှန်ဆက်သွယ်ဆွေးနွေးခြင်းများ၊ လပတ်အစည်းအဝေးများ ပြုလုပ်နိုင်ရန် အတွက် လိုအပ်သောပစ္စည်းများနှင့် လုပ်ငန်းလမ်းညွှန်များကိုလည်း ပေးပို့သင်ကြားပေးပြီး ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာများ ဓာတ်ခွဲအဖြေထွက်သည့်နေ့ကို ရောဂါပိုးတွေ့ရှိမှု ပထမနေ့အဖြစ် မသတ်မှတ်ရန်နှင့် ၎င်းပိုးတွေ့လူနာထံမှ ဓာတ်ခွဲနမူနာရယူသည့်နေ့ကို ရောဂါပိုးတွေ့ရှိမှု ပထမနေ့အဖြစ် သတ်မှတ်ရန်မှာ ကပ်ရောဂါဗေဒသဘောတရားအရ အထူးအရေးကြီးပါကြောင်း၊ မြို့နယ်တစ်ခုနှင့် တစ်ခုတွင် နေရာဒေသအနေအထား၊ လူနေထိုင်မှုပုံစံ၊ စက်ရုံ၊ အလုပ်ရုံများရှိမှုအခြေအနေ၊ ဝင်ထွက်လမ်းကြောင်းများ အခြေအနေ၊ ပြည်သူများ၏ စည်းကမ်းလိုက်နာဆောင်ရွက်မှုအခြေအနေ၊ မြို့နယ်ကော်မတီများ၏ ကူညီမှု အခြေအနေ၊ ကျန်းမာရေးဝန်ထမ်းအင်အား အခြေအနေ တူညီမှုမရှိနိုင်သဖြင့် မိမိတို့မြို့နယ်နှင့် အသင့်တော်ဆုံးသော လုပ်ငန်းများကို မြို့နယ်ကော်မတီနှင့်တိုင်ပင်ကာ ဆုံးဖြတ်ဆောင်ရွက်ကြရန်ဖြစ်ပါကြောင်း၊ အသက်အရွယ် ကြီးသူများ၊ နာတာရှည်ရောဂါအခံ တစ်မျိုးမျိုးရှိသူများ အထူးသဖြင့် ဆီးချိုရောဂါရှိသူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခြင်းကို ရှောင်ကြဉ်ရန်နှင့် နေအိမ်တွင်လည်း အခြားအတူနေသူများနှင့် ခပ်ခွာခွာနေထိုင်ခြင်း၊ သီးခြားခွဲကာ အိပ်စက်ခြင်းတို့ကို လုပ်ဆောင်ရန်မှာ အထူးအရေးကြီးသဖြင့် မြို့နယ်အဆင့်၌ အသိပေးနှိုးဆော်စေလိုပါကြောင်း၊ အသွားအလာကန့်သတ်ရာ နေရာများ၌ ဆီးချို၊ သွေးတိုး၊ တီဘီ၊ ခုခံကျ စသည့်ရောဂါရှိသူများ ဆေးဝါးများ သောက်သုံးမှုမပြတ်လပ်စေရေးကို အလေးထား ဆောင်ရွက်ပေးစေလိုပါကြောင်း၊ လတ်တလော အနံ့ပျောက် လက္ခဏာ ခံစားရသူများ၏ ရောဂါသဘောသဘာဝ အခြေအနေကို ဆန်းစစ်လျက်ရှိပါကြောင်း။
ဝန်ကြီးဌာနသည် တိုင်းဒေကြီး/ ပြည်နယ်နှင့် မြို့နယ်များသို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့က မကြာသေး မီကာလကမှ အသိအမှတ်ပြုခဲ့သော Rapid Antigen Diagnostic Test Kit များကို အဆင့်လိုက် ပေးပို့လျက်ရှိပါကြောင်း၊ ဈေးရောင်းချသူများအနေဖြင့် ပါးစပ်နှင့် နှာခေါင်းစည်း (mask)နှင့် မျက်နှာကာ (face shield) များကို မဖြစ်မနေ တပ်ဆင်ကြရန်နှင့် ဈေးဝယ်သူများအနေဖြင့်လည်း ပါးစပ်နှင့်နှာခေါင်းစည်း(mask) စနစ်တကျတပ်ဆင်ရန်နှင့် အချိန်ကြာမြင့်စွာ လှည့်ပတ်ဝယ်ယူခြင်း မပြုစေရေး ကြီးကြပ်ဆောင်ရွက်ပေးရန်အတွက် တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့များထံ စာဖြင့်ပေးပို့ မေတ္တာရပ်ခံထား ရှိပြီးဖြစ်သဖြင့် မြို့နယ်ဆရာဝန်ကြီးများအနေဖြင့် ဤကိစ္စအား ဆက်လက်ဆောင်ရွက်ပါရန် ပြောကြားလိုပါကြောင်း၊ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို အစွမ်းကုန် ကြိုးပမ်းနေသည့် မြို့နယ်ဆရာဝန်ကြီးများနှင့် ဝန်ထမ်းများ၏ ဆောင်ရွက်မှုများကို ဂုဏ်ယူအသိအမှတ်ပြု ပါကြောင်း ပြောကြားသည်။
သတင်းစဉ်


