ကန်ပက်လက် ၄ အောက်တိုဘာ
ချင်းပြည်နယ်၊ မင်းတပ်ခရိုင်၊ ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာ၌ Cash for Work စီမံကိန်း ထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများကို ဇူလိုင်လမှ စတုတ္ထအပတ်က စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။
ကန်ပက်မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ခု ဘဏ္ဍာရေးနှစ်တွင် Cash for Work စီမံကိန်းဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာ(၁၇)ရွာတွင် ကျေးရွာတစ်ရွာလျှင် Cash for Work စီမံကိန်း ထောက်ပံ့ ရန်ပုံငွေများဖြင့် ရေပိုက်လိုင်း ပြုပြင်သွယ်တန်းခြင်း လုပ်ငန်းခုနှစ်ခု၊ ကုန်ထုတ်လမ်း ဖောက်လုပ်ခြင်း လုပ်ငန်းကိုးခု၊ ဘောလုံးကွင်းပြုပြင်ခြင်း လုပ်ငန်းတစ်ခု၊ ရေနှုတ်မြောင်းနှင့် ရေပြွန်တည်ဆောက်ခြင်း လုပ်ငန်းတစ်ခုတို့ကို ဇူလိုင်လ စတုတ္ထအပတ်မှ စတင်၍ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ နည်းပညာပံ့ပိုးမှု အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ကျေးလက်နေပြည်သူများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
“Cash for Work စီမံကိန်းကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာ(၁၀)ရွာ၊ Westem State Agribuness Project (WSAP) စီမံကိန်းထောက်ပံ့ရန်ပုံငွေဖြင့် ကျေးရွာ(၇)ရွာ စုစုပေါင်းကျေးရွာ(၁၇)ရွာမှာ ဆောင်ရွက်ခဲ့တာပါ၊ စီမံကိန်းဆောင်ရွက်တဲ့အခါမှာ ကျေးရွာမှာရှိတဲ့ အလုပ်လက်မဲ့ ဖြစ်နေသူတွေ၊ ဝင်ငွေမရှိတဲ့သူတွေ၊ အမျိုးသမီးဦးဆောင်တဲ့ အိမ်ထောင်စုတွေကို ဦးစားပေးကာ စီမံကိန်းလုပ်ငန်းတွေ ဝင်ရောက်လုပ်ကိုင်စေပြီး ဝင်ငွေရရှိအောင် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ စီမံကိန်း လုပ်ငန်းများ ပါဝင်လုပ်ကိုင်သူများကို တစ်နေ့လျှင် လုပ်အားခအဖြစ် ကျား၊ မ မရွေး လူတစ်ဦးကို ငွေကျပ် ၄၆၀၀ ကနေ ၆၀၀၀ ကျပ်အထိ လက်ငင်းပေးချေ ဆောင်ရွက်ခဲ့တာဖြစ်ကြောင်း၊ စီမံကိန်းဆောင်ရွက်ခြင်းဖြင့် ကန်ပက်လက်မြို့နယ်တောင်ပေါ်ဒေသရှိ ကျေးရွာ (၁၇)ရွာမှ အိမ်ခြေ (၅၀၀)ကျော် အလုပ်အကိုင်နှင့် ဝင်ငွေများရရှိခဲ့ကြောင်း” ကန်ပက်လက်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထန်းအွမ်က ပြောပြ၍ သိရသည်။
Cash for Work စီမံကိန်းသည် ကိုဗစ်ကာလအတွင်း နိုင်ငံတော်၏ အရေးပေါ်တုန့်ပြန်ရေး အစီအစဉ် တစ်ခုဖြစ်ပြီး COVID-19 စီးပွားရေး ကုစားမှုအစီအစဉ်ကို အထောက်အကူပြုခြင်း၊ ပြည်သူများချက်ချင်း ဝင်ငွေရရှိခြင်း၊ ကျေးရွာဖွံ့ဖြိုးရေးအတွက် လိုအပ်သည့် အခြေခံ အဆောက်အအုံများ ဖွံ့ဖြိုးတိုးတက် လာခြင်းတို့ကို အထောက်အကူပြုသည့် စီမံကိန်းဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်


