ပေါက်  ၄   အောက်တိုဘာ

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက မဟာဓာတ်အားလိုင်းပြင်ပရှိ ကျေးရွာများ လျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားလျှပ်စစ် ဓာတ်အားရရှိရေး စီမံကိန်းအဖြစ်ဆောင်ရွက်လျက်ရှိရာ မကွေးတိုင်းဒေသကြီး ပေါက်မြို့နယ် သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမကျေးရွာတို့၌  ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် အချိန်ပြည့် လျှပ်စစ်ဓါတ်အားကို တစ်ယူနစ်လျှင် ၄၀၀ ကျပ်နှုန်းဖြင့် ဖြန့်ဖြူးပေးလျက်ရှိကြောင်း ပေါက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

 

ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာနသည် မဟာဓာတ်အားလိုင်းရောက်ရှိသည့် နေရာမှစ၍ ၁၀ မိုင်နှင့်အထက် ဝေးကွာသော ကျေးရွာများလျှပ်စစ်မီး ရရှိရေးအတွက် အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEPOff-Grid)အဖြစ် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊  မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ် သက္ကယ်ကျင်းကျေးရွာနှင့် ကိုင်းမကျေးရွာစသည့် ကျေးရွာနှစ်ရွာ၌  ဆိုလာအသေးစား ဓာတ်အားပေးစနစ်ဖြင့် အချိန်ပြည့်လျှစ်စစ်ဓာတ်အားရရှိရေးကို ငွေကျပ် ၈၈၂ သန်း အကုန်အကျခံ ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးပြီဖြစ်၍ လျှပ်စစ်ဓာတ်အားစတင်ဖြန့်ဖြူး ပေးလျက်ရှိကြောင်း၊ အဆိုပါ လျှပ်စစ်မီးရရှိရေးလုပ်ငန်း ဆောင်ရွက်နိုင်မှုကြောင့် သက္ကယ်ကျင်း ကျေးရွာနှင့် ကိုင်းမကျေးရွာ ကျေးရွာနှစ်ရွာမှ အိမ်ခြေ ၄၀၀ နီးပါ လျှပ်စစ်ဓာတ်အားအချိန်ပြည့် ရရှိသည့်အပြင် အသေးစား စက်မှုလက်မှုလုပ်ငန်းများကိုပါ ကျွဲကူးရေပါ တစ်ပါတည်းဆောင်ရွက်နိုင်မှာ ဖြစ်ကြောင်း ပေါက်မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးသန့် ပြောပြချက်အရ သိရသည်။

 

အဆိုပါ ကျေးရွာနှစ်ရွာ ဆိုလာအသေးစားဓာတ်အားပေးစနစ် မီးလင်းရေးလုပ်ငန်းကို ကမ္ဘာ့ဘဏ်၊ ဂျာမဏီနှင့် ပူးပေါင်းဆောင်ရွက်မှု (GIZ)တို့မှ နည်းပညာ ပံ့ပိုးပေးပြီး မဟာဓာတ်အားလိုင်းပြင်ပ အမျိုးသားလျှပ်စစ်ဓာတ်အား ရရှိရေးစီမံကိန်း (NEP Off-Grid)ဖြင့် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ထည့်ဝင်ငွေ ၆၀ ရာခိုင်နှုန်း၊ ပြည်သူထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်း၊ ရင်းနှီးမြှုပ်နှံသည့် ကုမ္ပဏီမှ ထည့်ဝင်ငွေ ၂၀ ရာခိုင်နှုန်းဖြင့် ဆိုလာ ၁၂၀ ဒသမ ၁၂ ကီလိုဝပ်၊ ဂျင်နရေတာ ၆၂ ကီလိုဝပ် ထုတ်ယူသုံးစွဲနိုင်မည့် ဆိုလာ-ဒီဇယ် ပေါင်းစပ်စနစ် အမျိုးအစားကို Innovative Energy ကုမ္ပဏီမှ တာဝန်ယူ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)