မိုးညှင်း ၄ အောက်တိုဘာ
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ မဲစာရင်းများကို ဒုတိယအကြိမ် ကပ်ထားကြေညာ လျက်ရှိရာ ပထမအကြိမ် မဲစာရင်းထက်မဲဆန္ဒရှင် ၈၀၀၀ ကျော် တိုးလာတယ်လို့ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးထံမှ သိရှိရသည်။
ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေညာမှုအရ မိုးညှင်းမြို့နယ်တွင် မဲဆန္ဒရှင် ၁၅၈၆၉၄ ဦး၊ မိုးကောင်းမြို့နယ်တွင် ၁၀၃၂၅၃ ဦး၊ ဖားကန့်မြို့နယ်တွင် ၁၆၂၉၄၈ ဦး စုစုပေါင်းခရိုင် တစ်ခုလုံး အနေဖြင့် မဲဆန္ဒရှင် ၄၂၄၈၉၅ ဦးရှိပြီး ပထမအကြိမ် မဲဆန္ဒရှင် စာရင်းကပ်ထားကြေညာမှုအရ မိုးညှင်းမြို့နယ်တွင် မဲဆန္ဒရှင် ၁၅၉၀၆၁ ဦး၊ မိုးကောင်းမြို့နယ်တွင် ၁၀၂၈၄၂ ဦး၊ ဖားကန့်မြို့နယ်တွင် ၁၅၄၈၀၂ ဦး စုစုပေါင်း မဲဆန္ဒ ရှင် ၄၁၆၇၀၅ ဦး ရှိပြီး ခရိုင်တစ်ခုလုံး အနေဖြင့် မဲဆန္ဒရှင်ဦးရေ ၈၁၉၀ တိုးပွားလာခဲ့သည်။
“ပထအကြိမ် မဲစာရင်း ကပ်ထားကြေညာတဲ့အချိန်မှာ ပုံစံ(၃)နဲ့လျှောက်တဲ့ မဲဆန္ဒရှင်တွေတိုးလာတဲ့ အတွက်ကြောင့်ဖြစ်တယ်”ဟု မဲဆန္ဒရှင် စာရင်းတိုးပွားလာမှုနှင့် ပတ်သက်၍ ခရိုင်ရွေးကောက်ပွဲအရာရှိ ဦးမျိုးမင်းဦးက သုံးသပ်ပြောကြားသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပထမအကြိမ် မဲစာရင်း ကြေညာမှုထက် မဲဆန္ဒရှင်ပိုမို များပြားလာသဖြင့် ခရိုင်တစ်ခုလုံး မူလလျာထားမဲရုံ ၂၇၂ ရုံထက် ၈ ရုံတိုးချဲ့ပြီး မဲရုံပေါင်း ၂၈၀ ဖြင့် ကျင်းပ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။
ကျော်ကျော်ထွေး(မိုးညှင်း)


