နေပြည်တော် ၄ အောက်တိုဘာ
နိုင်ငံတကာခရီးသည်တင် လေယာဉ်များပျံသန်းမှု ယာယီရပ်ဆိုင်းထားခြင်းကြောင့် ဘယ်လ်ဂျီယံ၊ နယ်သာလန်နှင့် အနီးတစ်ဝိုက်ဒေသများ၊ အီဂျစ်နိုင်ငံနှင့် အရှေ့အလယ်ပိုင်း ဒေသတို့တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား (၁၇၅) ဦးအား မြန်မာသံရုံး၊ ဘရပ်ဆဲလ်မြို့မှ ပထမဦးဆုံးအကြိမ်အဖြစ် စီစဉ်သည့် Titan လေကြောင်းလိုင်း စင်းလုံးငှား ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၇ နာရီ ၃၅ မိနစ်တွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အဆင်ပြေချောမွေ့စွာပြန်လည်ရောက်ရှိခဲ့ကြသည်။
ထို့ပြင် ထိုင်ဝမ် (တရုတ်-တိုင်ပေ) ဒေသတွင် အခက်အခဲ ကြုံတွေ့နေရသည့် မြန်မာ သင်္ဘောသား (၁၀၂) ဦး၊ ကျောင်းသား (၂) ဦး အပါအဝင် မြန်မာနိုင်ငံသား စုစုပေါင်း (၁၂၉) ဦးအား မြန်မာကောင်စစ်ဝန်ချုပ်ရုံး၊ ဟောင်ကောင်မြို့မှ စီစဉ်သည့် China Airlines ကယ်ဆယ်ရေးလေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ယနေ့နံနက် ၉ နာရီခွဲတွင် လည်းကောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေချောမွေ့စွာ ပြန်လည် ရောက်ရှိခဲ့ကြသည်။
၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေး၊ သီးသန့်စီစဉ်ပေးသည့် နေရာ / သတ်မှတ် ဟိုတယ်များ၌ အသွားအလာ ကန့်သတ်မှု (၁၄) ရက်နှင့် နေအိမ်တွင် အသွားအလာ ကန့်သတ်မှု (၇) ရက် နေထိုင်စေရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
ပြည်ပနိုင်ငံများတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား ပြန်လည် ခေါ်ဆောင်ရန် Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဝန်ကြီးဌာနများ၊ သက်ဆိုင်ရာနိုင်ငံများရှိ မြန်မာသံရုံးများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


