နေပြည်တော် ၄  အောက်တိုဘာ 

 

(၁၇) ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့ ညနေပိုင်းက အွန်လိုင်းမှ ကျင်းပရာ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်ဆွေးနွေးသည်။

 

အဆိုပါ စကားဝိုင်းဆွေးနွေးပွဲတွင် ရှေးဦးစွာ ဂျပန်နိုင်ငံ သိပ္ပံနှင့်နည်းပညာ မူဝါဒဝန်ကြီး  Mr. Inoue Shinji က အဖွင့်အမှာစကား ပြောကြားသည်။ ယင်းနောက် နိုင်ငံတကာသိပ္ပံနှင့် နည်းပညာဝန်ကြီးများက ဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု (Science, Technology and Innovation – STI) သည် နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ စိုက်ပျိုးရေး၊ သဘာဝပတ်ဝန်းကျင်၊ စွမ်းအင်၊ ဆက်သွယ်ရေးနှင့် ကျန်းမာရေးနယ်ပယ်တို့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါလှပါကြောင်း၊ မြန်မာနိုင်ငံတွင် ၂၀၁၈ ခုနှစ် ဇွန် ၂၅ ရက်က သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုဥပဒေကို ပြဋ္ဌာန်းပြီးနောက် ဆက်လက်၍ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒ (National STI Policy)ကို ရေးဆွဲလျက်ရှိပါကြောင်း၊ အမျိုးသားသိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု မူဝါဒသည် မြန်မာနိုင်ငံ တက္ကသိုလ်များကို သုတေသနနှင့် ဆန်းသစ်တီထွင်မှု အခြေပြုတက္ကသိုလ်များ ဖြစ်လာစေရေး ရည်မှန်းချက်ထားရှိပါကြောင်း။

 

တက္ကသိုလ်များတွင် Open Science Access Centres များ တည်ထောင်ရေးကို အားပေးလျက် ရှိပါကြောင်း၊ သို့ဖြစ်ရာ ပညာရေးဝန်ကြီးဌာနအနေဖြင့် သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှု  ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး၊ အရည်အသွေးမြှင့်တင်ရေး၊ နည်းပညာနှင့် အခြေခံအဆောက်အအုံအတွက် ရင်းနှီးမြှပ်နှံရေး၊ အသုံးချ သုတေသနအားပေးရေး၊ ၂၁ ရာစု သင်ရိုးညွှန်းတမ်းများ ရေးဆွဲရေး၊ အသင်းအဖွဲအသွင်ဖြင့် သင်ကြားသင်ယူရေး၊ ပြည်သူပိုင်နှင့် ပုဂ္ဂလိကပူးပေါင်းမှု၊ တက္ကသိုလ်နှင့် အလုပ်ရုံများ ပူးပေါင်းမှုကိုအားပေးရေး၊ သိပ္ပံ၊ နည်းပညာနှင့် ဆန်းသစ်တီထွင်မှုကို ထိရောက်စွာ၊ ကျွမ်းကျင်စွာ၊ ပွင့်လင်းမြင်သာစွာ အသုံးချရေးတို့ကို စဉ်ဆက်မပြတ်ဖွံ့ဖြိုး တိုးတက်ရေး ရည်မှန်းချက် ပန်းတိုင်များ (Sustainable Development Goals) အောင်မြင်ရေးအတွက် ဆန်းသစ်တီထွင်မှုများဖြင့် ဆက်လက် အကောင်အထည်ဖော်သွားမည် ဖြစ်ပါကြောင်း ဆွေးနွေးပြောကြားသည်။ ထို့နောက် ဂျပန်နိုင်ငံ သိပ္ပံနှင့်နည်းပညာမူဝါဒဝန်ကြီးက နိဂုံးချုပ်အမှာစကားပြောကြားသည်။

 

အဆိုပါ (၁၇) ကြိမ်မြောက် သိပ္ပံနှင့်နည်းပညာဝန်ကြီးများ၏ စကားဝိုင်းဆွေးနွေးပွဲသို့ နိုင်ငံတကာမှ သိပ္ပံနှင့်နည်းပညာဝန်ကြီး (၄၀) တက်ရောက်ခဲ့ကြပြီး အောက်တိုဘာ ၃ ရက်မှ ၅ ရက်အထိ ကျင်းပလျက်ရှိသော လူ့အဖွဲ့အစည်းအတွင်း သိပ္ပံနှင့် နည်းပညာဖိုရမ် (Science and Technology in Society Forum) နှင့် ယှဉ်တွဲကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ 

 

သတင်းစဉ်