ခေါင်လန်ဖူး ၅ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကချင်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး လက်အောက်ရှိ ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးနှင့် အဖွဲ့ဝင်များသည် စက်တင်ဘာ ၁၇ ရက်မှ ၂၇ ရက်အထိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုနယ်စပ်ဒေသ ဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် နယ်စပ်ရေးရာ ဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်သည့် မဂွေဇ-ခေါင်လန်ဖူးလမ်း (၆၅/၄)မိုင်စီမံကိန်းပေါ်ရှိ လုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။
အဆိုပါအဖွဲ့သည် စီမံကိန်း၌ တာဝန်ထမ်းဆောင်နေကြသော အင်ဂျင်နီယာဝန်ထမ်းများ၊ တပ်မတော်သားများနှင့် ဒေသခံကုမ္ပဏီတို့မှ ဝန်ထမ်းများအားတွေ့ဆုံကာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလဖြစ်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအတိုင်း လိုက်နာတာဝန်ထမ်း ဆောင်စေရေး၊ လုပ်ငန်းခွင်၌ အန္တရာယ်ကင်းရှင်းစွာ ဆောင်ရွက်ရေးတို့ကို ညှိနှိုင်းဆွေးနွေးခြင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ခေါင်လန်ဖူးမြို့သို့ ဆက်လက်ဖောက်လုပ်ရန် လျာထားသော လမ်းအူကြောင်းအား စစ်ဆေးခြင်း၊ ၎င်းလမ်းကြောင်းပေါ်ရှိ ရီဒမ်း၊ ခေါ်လာဒါဟို၊ ခေါ်ဘူဒဲ၊ ထလားလော်၊ နန်ဆယ်၊ ဝါးခယ်ဝါ၊ ထရီဝမ်ဂေါင် ကျေးရွာတို့မှ ကျေးရွာခေါင်းဆောင်များ ဒေသခံတိုင်းရင်းသား ပြည်သူများနှင့် တွေ့ဆုံညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မဂွေဇခေါင်လန်ဖူးလမ်း(၆၅/၄)မိုင်သည် ယခင်က ခြေလျင်ခရီးဖြစ်သာ သွားလာခဲ့ကြရပြီး နယ်စပ်ရေးရာဝန်ကြီးဌာနမှ တာဝန်ယူဆောင်ရွက်ခဲ့သည့် ကာလတွင် မဂွေဇ(၀/၀)မိုင်မှ ရီဒမ်းကြိုး တံတား (၄၃/၁)မိုင်ထိ ရာသီမရွေး ဆိုင်ကယ်၊ မော်တော်ယာဉ်နှင့် ကုန်ပစ္စည်းတင်မော်တော်ယာဉ်များ ကောင်းမွန်စွာသွားလာလျက်ရှိ သည်။ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ရီဒမ်းကြိုးတံတားမှ ကျောက်ချောလမ်း ဆက်လက်ဖောက်လုပ်ပြီးစီး ပါက (၄၈/၁)မိုင်အထိ မော်တော်ယာဉ်များ ရာသီမရွေးသွားလာနိုင်မည်ဖြစ်ကြောင်း ပူတာအိုခရိုင် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးဇော်လွင်ဦးထံမှ သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)


