မကွေး ၅ အောက်တိုဘာ

မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၉-၂၀၂၀  ဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း (VDP)ဖြင့် မကွေးတိုင်းဒေသကြီးအတွင်း ကျေးရွာပေါင်း ၃၃၄ ရွာ၌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၇၄ ခုကို ငွေကျပ်သန်း ၃၇၄၃ ဒသမ ၀၃၇ သန်းဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

 

မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၉-၂၀၂၀ခု ဘဏ္ဍာရေးနှစ်တွင် မကွေး၊ မင်းဘူး၊ သရက်၊ ပခုက္ကူ၊ ဂန့်ဂေါ ခရိုင်ငါးခုအတွင်းရှိ ကျေးရွာပေါင်း ၃၃၄ ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP) ထောက်ပံ့ ရန်ပုံငွေ ကျပ်သန်း ၃၃၄၀၊ ပြည်သူထည့်ဝင်ငွေကျပ် ၁၃၈၄ ဒသမ ၀၃၇သန်း၊ လွှတ်တော်ရန်ပုံငွေကျပ် ၁၀ သန်း စုစုပေါင်းငွေကျပ် ၃၇၄၃ ဒသမ ၀၃၇ သန်းဖြင့် ကျေးရွာအဝင်နှင့် ကျေးရွာတွင်းလမ်းများ အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၁၇၆ ခု၊ တံတားပြုပြင်တည်ဆောက်ခြင်းလုပ်ငန်း ရှစ်ခု၊ ကျေးလက်ရေ ပေးရေးလုပ်ငန်း ၇၄ ခု၊ ကျေးလက်မီးလင်းရေးလုပ်ငန်း ၆၂ ခု၊ စာသင်ကျောင်းဆောင် ဆောက်လုပ်ခြင်း လုပ်ငန်း ၃၄ ခု၊ ဘက်စုံသုံးခန်းမ တည်ဆောက်ခြင်းလုပ်ငန်း ၁၀ ခု၊ ကျေးရွာစာကြည့်တိုက် တည်ဆောက်ခြင်းလုပ်ငန်း နှစ်ခု၊ အခြားဖွံ့ဖြိုးရေးလုပ်ငန်း ရှစ်ခု စုစုပေါင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်း ၃၇၄ ခုကို  အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါလုပ်ငန်းများကို ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ နည်းပညာပံ့ပိုးမှု အနီးကပ် ကြီးကြပ်မှုတို့ဖြင့် ကျေးရွာသူကျေးရွာသားများကိုယ်တိုင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင် ပြောပြချက်အရ သိရသည်။

 

ကျွန်တော်တို့ ဦးစီးဌာနအနေနဲ့တော့ ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်းကို LIFT Fund နည်းပညာ အကူအညီနဲ့ စတင်ဆောင်ရွက်ခဲ့တာပါ။ အခုစီမံကိန်းကနေ ကျေးရွာရဲ့ ပကတိလိုအပ်ချက်တွေပါဝင်တဲ့ ဦးစားပေးအလိုက်လုပ်ငန်းစီမံချက်တွေ ရရှိအောင် ကျေးရွာသူ ကျေးရွာသားတွေ ကိုယ်တိုင်ရေးဆွဲ နိုင်ခဲ့ပါတယ်။ ဌာနအနေနဲ့တော့ စီမံချက်ပါ ဦးစာပေးလုပ်ငန်းကို ငွေကျပ်သိန်း ၁၀၀ ထောက်ပံ့ပေးပြီး စတင် ဆောင်ရွက်ပေးပါတယ်။ စီမံချက်မှာပါဝင်တဲ့ ကျန်လုပ်ငန်းတွေကို မြို့နယ်အဆင့်ဌာနဆိုင်ရာတွေ အခြားဖွံ့ဖြိုးရေးမိတ်ဖက်အဖွဲ့ အစည်းတွေရဲ့ ဖွံ့ဖြိုးရေးအစီအစဉ်တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းတွေ အလွယ်တကူဆောင်ရွက်နိုင်မှာဖြစ်တယ် ဟု တိုင်းဒေသကြီး ဦးစီးမှူး ဦးမျိုးအောင်က ဆက်လက်ပြောပြသည်။

 

ကျေးရွာဖွံ့ဖြိုးရေးစီမံကိန်း(VDP)ကို မကွေးတိုင်းဒေသကြီးအတွင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် လည်း မြို့နယ်(၂၁)မြို့နယ်အတွင်းရှိ ကျေးရွာ(၂၆၃)ရွာ၌ ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်း(၂၆၉)ခုကို ကျေးရွာ ဖွံ့ဖြိုးရေးစီမံကိန်းထောက်ပံ့ရန်ပုံငွေကျပ် သန်း ၂၆၃၀ ၊ ပြည်သူ ထည့်ဝင်ငွေကျပ် ၁၂၀၆ ဒသမ ၉၂၅ သန်း၊ လွှတ်တော်ရန်ပုံငွေကျပ် ၂၅ သန်း၊ စုစုပေါင်း ငွေကျပ် ၃၈၆၁ ဒသမ ၉၂၅ သန်းဖြင့် အကောင် အထည်ဖော်ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရသည်။

သန်းလွင်(မကွေး)