ဝန်းသို ၅ အောက်တိုဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် အောက်တိုဘာ ၅ ရက်နေ့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အငြိမ်းစားဆရာကြီး ဆရာမကြီးများအား ပူဇော်ကန်တော့ပွဲကို နှစ်စဉ်ကျင်းပ ပြုလုပ်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ယနေ့ ကမ္ဘာ့ဆရာများနေ့တွင် တာဝန်ရှိသူများက ဆရာကြီး၊ ဆရာမ ကြီးများ၏ အိမ်တိုင်ရာရောက်သွားရောက်၍  လိုက်လံပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

 

ကျွန်တော်တို့ ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်အနေနဲ့ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးတွေကို ပူဇော်ကန်တော့ခဲ့တာဆိုရင် ဒီနှစ်ဆို ၆ ကြိမ်မြောက်ဖြစ်ပါတယ်၊ လွန်ခဲ့တဲ့ ၅ ကြိမ်ကတော့ အခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ခဲ့ပေမယ့် ဒီနှစ်ကတော့ ကိုဗစ်-၁၉ ကာလဖြစ်တဲ့ အတွက် အခမ်းအနားမပြု လုပ်တော့ဘဲ အငြိမ်းစားဆရာကြီး ဆရာမကြီး စုစုပေါင်း ၁၁၅ ဦးကို အိမ်တိုင်ရာရောက် အုပ်စုဖွဲ့ပြီးတော့ လိုက်လံကန်တော့ခဲ့ခြင်း ဖြစ်ပါတယ် ဟု ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ်ဖြစ်မြောက်ရေးအဖွဲ့ ဆရာကြီး ဦးချစ်ထွန်းက ပြောသည်။

 

အမျိုးသားပညာရည် မြှင့်မားတိုးတက်ရန်၊ ပညာရည်ပြည့်ဝသော လူချွန်လူကောင်းများပေါ်ထွက် လာစေရန်နှင့် မလျှော့သောဇွဲ၊ လုံ့လ၊ စေတနာတို့ဖြင့် အမှောင်ကိုခွင်း၍ အလင်းပြပေးခဲ့ကြသည့်  ဝန်းသိုမြို့နယ်အတွင်းရှိ အငြိမ်းစားဆရာကြီး၊ ဆရာမကြီးများနှင့် ပညာရေးဝန်ထမ်းများ အသက် ၇၀ နှစ် နှင့်အထက် ၃၁ ဦးကို ငွေကျပ် တစ်သိန်းနှုန်း၊  အသက် ၆၀ နှစ်နှင့် အထက် ၈၄ ဦးကို ငွေကျပ် နှစ်သောင်းခွဲနှုန်း စုစုပေါင်းငွေကျပ် ၅၂ သိန်းကို တာဝန်ရှိသူဆရာကြီး၊ ဆရာမကြီးများက အိမ်တိုင်ရာရောက်လိုက်လံ ပူဇော်ကန်တော့ခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင် (ပြန်/ဆက်)