သံတောင်ကြီး   ၅  အောက်တိုဘာ   

ကရင်ပြည်နယ်  ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်၊ သစ်ခွတောင်ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာ စီမံကိန်း အတိုးရငွေဖြင့် ကျေးရွာပြည်သူများမှ လျှပ်စစ်မီးလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယခုအခါလုပ်ငန်းများ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း သံတောင်ကြီးမြို့နယ် ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက သိရသည်။

 

သံတောင်ကြီးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ် မှ၂၀၁၉-၂၀၂၀   ဘဏ္ဍာရေးနှစ်အထိ မြစိမ်းရောင်ကျေးရွာ စီမံကိန်းအား ကျေးရွာပေါင်း ၆၉ ရွာတွင် ယူနစ် (၅၁)ယူနစ်ဖြင့်  အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါကျေးရွာများအနက် သစ်ခွတောင်ကျေးရွာတွင် မြစိမ်းရောင်စီမံကိန်းကို ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စတင် အကောင်အထည်ဖော်ခဲ့ပြီး ယခုအခါ ဆဋ္ဌမစက်ဝန်းသို့ရောက်ရှိနေပြီး စီမံကိန်းအတိုးရငွေ များမှ ကျပ်သိန်း (၇၀) ကျခံ၍ ကျေးရွာ ပြည်သူပူးပေါင်း၍ ကျေးရွာမီးလင်းရေးလုပ်ငန်း အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

“ယခုအခါ လုပ်ငန်းများအားလုံး ရာနှုန်းပြည့် ပြီးစီးပြီဖြစ်သောကြောင့် ကျေးရွာရှိ အိမ်ခြေ  (၉၀)၊ အိမ်ထောင်စု (၁၀၀)၊ လူဦးရေ  (၃၀၀) အား အကျိုးဖြစ်ထွန်းစေပြီး အသေးစား စက်မှုလက်မှု လုပ်ငန်းများ၊ စီးပွားရေးလုပ်ငန်းများပိုမိုတိုးမြင့်ဆောင်ရွက်လာနိုင်ပြီး ကျေးလက်နေပြည်သူများရဲ့ လူမှုစီးပွားဘဝ ပိုမိုတိုးတက်လာမည်ဖြစ်ပါတယ်”ဟု သံတောင်ကြီးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးချမ်းငြိမ်း၀င်းက ပြောပြသည်။

သူရိန်(မင်းဘူး)