မိတ္ထီလာ  ၅  အောက်တိုဘာ                 

မိတ္ထီလာမြို့နယ်တွင် မြို့ပေါ်ရပ်ကွက် ၁၄ ခုရှိ ရပ်ကွက်ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲရုံးများ၌ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းထုတ်ပြန်ကြေညာထားမှုအခြေအနေများကို ယနေ့ နံနက် ၉ နာရီက ခရိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

 

အောက်တိုဘာ ၁ ရက်မှ အောက်တိုဘာ ၁၄ ရက်အထိ ရပ်ကွက်ကျေးရွာအုပ်စုများမှာရှိတဲ့ ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးများမှာ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်းကို ဒုတိယအကြိမ်ထုတ်ပြန်ကြေညာပေးထား တာပါ။  ဒီနေ့က မြို့ပေါ်ရပ်ကွက် ၁၄ ရပ်ကွက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူစာရင်း ထုတ်ပြန်ကြေညာပေးထားတဲ့ နေရာမှာ လိုအပ်ချက်တွေ ရှိ/မရှိ၊  ရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်တွေအနေနဲ့ ဘာလိုအပ်ချက်တွေရှိမလဲ။ အဲဒါတွေ ကွင်းဆင်းစစ်ဆေးပြီး လိုအပ်တာတွေ ဖြည့်ဆည်း ဆောင်ရွက်ပေးတာပါ”ဟု ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင် ဦးသန်းဝင်းက ပြောသည်။   အောင်ဆန်း၊ ပေါက်ချောင်း၊ မြို့မ ၊ ရတနာမာရ် ၊ အောင်ဇေယျာ ၊ ရန်မျိုးအောင် စသည့် ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများစာရင်း ဒုတိယအကြိမ်ထုတ်ပြန်ကြေညာ ထားမှုကို ခရိုင်ရွေးကောက်ပွဲမရှင်အဖွဲ့ခွဲဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များက ကွင်းဆင်း စစ်ဆေးခြင်းဖြစ်သည်။

 

လာမည့် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် ၂ဝ၂ဝ ပြည့်နှစ်အထွေထွေရွေးကောက်ပွဲတွင်  မိတ္ထီလာမြို့ နယ်အတွင်း၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နှစ်သိန်းငါးသောင်းကျော်ရှိပြီး မဲရုံပေါင်း ၂၉၁ ရုံရှိကြောင်း သိရသည်။

ချမ်းသာ(မိတ္ထီလာ)