ပျဉ်းမနား ၅ အောက်တိုဘာ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခဏခရိုင်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ ဆန္ဒမဲပေး နိုင်ရန်အတွက် ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာထားရှိမှုများကို ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ယနေ့တွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ဒက္ခိဏခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးတင်မြင့်နှင့် အဖွဲ့ဝင်များ၊ ပျဉ်းမနားမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသိန်းရွှေနှင့် တာဝန်ရှိသူများက ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကြေညာထားသည့် မဲဆန္ဒရှင်စာရင်းများအား ကြည့်ရှုစစ်ဆေးပြီး ရပ်ကွက်၊ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများအနေဖြင့် မဲစာရင်းတွင် အမည်မပါဝင်မှုများ၊ ကိုယ်ရေးအချက် အလက် မှားယွင်းနေမှုများနှင့် မပါဝင်သင့်သူများ ပါဝင်နေမှုများအား သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်သွားကြရန်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်သည့် ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်သွားကြရန် မှာကြားသည်။
ပျဉ်းမနားမြို့နယ်တွင် ရပ်ကွက် (၇)ရပ်ကွက်၊ ကျေးရွာအုပ်စု (၂၉)အုပ်စု၊ ကျေးရွာ (၁၄၀) ရွာတွင် မဲရုံပေါင်း (၁၀၁)ရုံရှိပြီး မဲဆန္ဒရှင် ၁၃၂၃၂၅ ဦးရှိကြောင်း သိရသည်။
စိုးမိုး(ပြန်/ဆက်)


