လားရှိုး   ၅  အောက်တိုဘာ

ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများတွင် တည်ရှိသော ဘုန်းကြီးကျောင်းများနှင့် သီလရှင်စာသင်တိုက်များသို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အလှူငွေနှင့် ထောက်ပံ့ပစ္စည်းများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ထိုသို့လှူဒါန်းလျက်ရှိရာတွင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ ဆိုင်းလိန်ကျေးရွာအုပ်စု၊ ဆာလူကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းဆောက်လုပ်ရန်အတွက် ငွေကျပ် သိန်း ၁၀၀၊ မန်တုံမြို့၊ မြို့မရပ်ကွက်၊ အောင်မင်္ဂလာမြို့လယ်ကျောင်းတိုက်အတွင်း တည်ထားမည့် ဇေယျသုခအောင်ချမ်းသာ စေတီတော်မြတ်ကြီး တည်ထားကိုးကွယ်နိုင်ရန်အတွက် ငွေကျပ် သိန်း ၂၀၀ တိတိကို ယနေ့ နံနက်ပိုင်းက နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မန်တုံမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ  လက်ထောက်ညွှန်ကြားရေးမှူး  ဦးနိုင်အောင်နှင့်  ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့မှ တာဝန်ရှိသူများ က ပေးအပ်လှူဒါန်းခဲ့ကြသည်။

အလားတူ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နယ်၊ နားပန်ကျေးရွာရှိ သာသနာပြုကျောင်းတိုက်တွင် သီတင်းသုံးတော်မူသော သံဃာတော်များအတွက် အလှူငွေကျပ် သိန်း ၅၀ ကို အောက်တိုဘာ ၂ ရက်တွင် တာဝန်ရှိသူများက ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ရှမ်းပြည်နယ် (မြောက်ပိုင်း)အတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများဖြစ်သော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရတိုင်းနှှင့် ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်း သာသနိက အဆောက်အဦများ ဆောက်လုပ်ရန်နှင့် ဘုန်းတော်ကြီးကျောင်းများတွင် သီတင်းသုံးနေထိုင်ကြသော ဆရာတော် သံဃာတော်များ၊ သီလရှင်စာသင်တိုက်များသို့ ဆွမ်း၊ ကွမ်း၊ ဝေယျာဝစ္စကိစ္စရပ်များအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အပံ့ ဖြစ်စေရန်နှင့် ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရပ်ဝေးနေ ကျောင်းသားများအား စဉ်ဆက်မပြတ ထောက်ပံ့လှူဒါန်းပေးလျက်ရှိရာ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း စုစုပေါင်း (၂၀၃.၈၄)သန်း လှူဒါန်းပြီး ဖြစ်ကြောင်း ရှမ်းပြည်နယ်(မြောက်ပိုင်း) နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  ဒေသကြီးကြပ်ရေးမှူး  ဒုတိယညွှန်ကြားရေးမှူး  ဦးကျော်စွာဝင်း  ထံမှ သိရသည်။

စိုင်းထွန်းနေ (လားရှိုး)