နေပြည်တော် ၅ အောက်တိုဘာ
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane, PVSM, AVSM, SM, VSM, ADC အား ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ဇေယျာသီရိဗိမာန်၌ လက်ခံတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံပွဲသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း)မှ တပ်မတော်အရာရှိကြီးများနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်ဖုန်းမြတ်တို့ တက်ရောက်ကြပြီး အိန္ဒိယကြည်းတပ်ဦးစီးချုပ် General MM Naravane နှင့်အတူ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံ သံအမတ်ကြီး မစ္စတာ ဆော်ရက်(ဘ်)ကူးမား (H.E.Mr. Saurabh Kumar)၊ အိန္ဒိယစစ်သံမှူး Colonel Ketan Arun Mohite နှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့သည် မိတ်ဆွေရင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်ပြီး ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးမြင့်ခိုင်မာရေး ဆောင်ရွက်လျက်ရှိမှု၊ နှစ်ပေါင်းများစွာ ကတည်းကပင် တပ်မတော် နှစ်ရပ်အကြား ကောင်းမွန်သည့်ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုများရှိခဲ့ပြီး နယ်စပ်ဒေသတည်ငြိမ် အေးချမ်းရေး၊ ကာကွယ်ရေး၊ လေ့ကျင့်ရေးနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်မှုများ ဆက်လက် တိုးမြှင့်ဆောင်ရွက်နိုင်မည့် အခြေအနေ၊ မြန်မာနိုင်ငံအနေဖြင့် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူကြီး ၅ ရပ်၊ လွတ်လပ်၍ တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒများနှင့်အညီ ဆောင်ရွက်လျက်ရှိပြီး အာဆီယံ မူဝါဒအတိုင်း ဆောင်ရွက်လျက်ရှိမှု၊ မြန်မာ့တပ်မတော်ကို ခေတ်မီတပ်မတော်အဖြစ် တည်ဆောက်လျက်ရှိမှု၊ နိုင်ငံတိုင်းရှိ တပ်မတော်တိုင်းသည် တိုင်းပြည်နှင့် ပြည်သူ၏ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ရန် အတွက်ဖြစ်ပြီး လက်နက်ကိုင်ပဋိပက္ခ ဖြစ်ပွားနေမှုကို မည်သည့်တပ်မတော်ကမှ မလိုလားသည်ဖြစ်၍ ပဋိပက္ခများကို ငြိမ်းချမ်းသောနည်းဖြင့်သာ ဖြေရှင်းဆောင်ရွက်ရန် လိုအပ်သည့်အခြေအနေ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော်နှစ်ရပ်အကြား ပူးပေါင်းဆောင်ရွက်မှုများကို အပြန်အလှန် ယုံကြည်မှုဖြင့် ဆက်လက်တိုးမြှင့်ဆောင်ရွက် သွားမည့် အခြေအနေများနှင့် နယ်စပ်ဒေသ လမ်းပန်းဆက်သွယ်မှုကောင်းမွန်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေမှုအခြေအနေများအား ခင်မင်ရင်းနှီးစွာ အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံး၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။
သတင်းစဉ်


