မိုင်းယောင်း ၅ အောက်တိုဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်တွင် မဲဆန္ဒရှင်များစာရင်းကို အောက်တိုဘာ ၁ ရက်မှစ၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးများတွင် ကပ်ထားကြေညာထားရှိရာ မဲဆန္ဒရှင်များက မိမိတို့၏ အမည်ပါ မပါ ယနေ့တွင် လာရောက်ကြည့်ရှုလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
ထိုသို့ ဆောင်ရွက်နေမှုများကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစံသိန်း၊ မြို့နယ်ဥပဒေအရာရှိ ဦးမျိုးနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ကြပ်မတ်စစ်ဆေးလျက်ရှိပြီး ဒုတိယအကြိမ် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာမှုကို အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ကြေညာထားမည် ဖြစ်ကြောင်း သိရသည်။
မိုင်းယောင်းမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ ၂၆၅၄၉ ဦးရှိ၍ မဲရုံ ၆၈ ရုံဖွင့်လှစ်ရန် လျာထားကြောင်း၊ မိမိတို့၏အမည် မပါသူများ၊ အမည် သို့မဟုတ် အချက်အလက် မှားယွင်းမှုများ၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေခြင်း စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ပြင်ဆင်၊ ဖြည့်စွက်၊ ကန့်ကွက်လျှောက်ထားရန် အချက်များကို ကြေညာထားပြီး အောက်တိုဘာ ၁၄ ရက်ထိ လျှောက်ထားနိုင်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစိုင်းမှိုင်ခမ်းထံမှ သိရသည်။
စိုင်းအောင်ဇော်လင်း


