အောက်တိုဘာ ၅


အာဆီယံဘောလုံးအဖွဲ့ချုပ်သည် ကိုဗစ်-၁၉ ရောဂါကြောင့် ယခုနှစ်တွင် ကျင်းပနိုင်ခြင်း မရှိခဲ့သည့် အာဆီယံဆူဇူကီး ဖလားပြိုင်ပွဲကို ၂၀၂၁ ခုနှစ် ဧပြီလတွင် ပြန်လည်ကျင်းပရန် ဆုံးဖြတ်ခဲ့သည်။


အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် ယခင်က ယင်းပြိုင်ပွဲကို ယခုနှစ် နိုဝင်ဘာ ၂၂ ရက်မှ ဒီဇင်ဘာ ၂၇ ရက်အထိ ကျင်းပရန် စီစဉ်ထားသော်လည်း ကိုဗစ်-၁၉ ရောဂါကြောင့် လာမည့်နှစ်သို့ ရွှေ့ဆိုင်းခဲ့ရခြင်းဖြစ်ပြီး ဧပြီ ၁၁ ရက်မှ မေ ၈ ရက်အထိ ကျင်းပမည်ဖြစ်သည်။ ပြိုင်ပွဲကျင်းပမည့်ပုံစံကိုလည်း ယခင်အတိုင်း ပြုလုပ်သွားမည်ဖြစ်သည်။

 

အာဆီယံ ဘောလုံးအဖွဲ့ချုပ်သည် အုပ်စုပွဲများကို ငါးသင်းနှစ်အုပ်စုခွဲ၍ ကျင်းပလျက်ရှိပြီး ပြိုင်ပွဲဝင်အသင်း တစ်သင်းအနေဖြင့် အုပ်စုလေးပွဲကို အိမ်ကွင်းနှစ်ပွဲ၊ အဝေးကွင်းနှစ်ပွဲ ကစားရခြင်းဖြစ်ပြီး ဆီမီးဖိုင်နယ်နှင့် ဗိုလ်လုပွဲကို အိမ်ကွင်း၊ အဝေးကွင်းပုံစံဖြင့် နှစ်ကျော့ကစားရခြင်းဖြစ်သည်။

 

အာဆီယံ ဘောလုံးအဖွဲ့ချုပ်အနေဖြင့် အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲ ကျင်းပမည့်ကာလကို အတည်ပြုထားသော်လည်း အရှေ့တောင်အာရှ နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါ အခြေအနေအပေါ် မူတည်ကြောင်း သိရသည်။

 

မြန်မာ့လက်ရွေးစင်အသင်းသည် ယင်းပြိုင်ပွဲတွင် အကြိမ်တိုင်း နောက်ဆုံးအဆင့်တွင် ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး အမြင့်ဆုံး ရပ်တည်မှုအဖြစ် ၂၀၀၄ ပြိုင်ပွဲနှင့် ၂၀၁၆ ပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

 

မြန်မာအသင်းသည် နောက်ဆုံးကျင်းပခဲ့သည့် ၂၀၁၈ ပြိုင်ပွဲတွင် အုပ်စုအဆင့်မှ ထွက်ခဲ့ရပြီး ဗိုလ်လုပွဲ တက်ရောက်ခဲ့သည့် ဗီယက်နမ်၊ မလေးရှားတို့နှင့် တစ်အုပ်စုတည်း  ကျရောက်ခဲ့သည်။ မြန်မာအသင်းသည် လာအိုနှင့် ကမ္ဘောဒီးယားကို အနိုင်၊ ဗီယက်နမ်ကို သရေကစားနိုင်သော်လည်း နောက်ဆုံးပွဲတွင် မလေးရှားကို အဝေးကွင်း၌ ဂိုးပြတ် အရေးနိမ့်ခဲ့သဖြင့် ဆီမီးဖိုင်နယ်နှင့် လွဲချော်ခဲ့ခြင်းဖြစ်သည်။


အာဆီယံ ဆူဇူကီးဖလားပြိုင်ပွဲကို ၁၉၉၆ ခုနှစ်တွင် စတင်ကျင်းပခဲ့ပြီး အရှေ့တောင်အာရှ ဒေသတွင်း၌ အဆင့်မြင့်ဆုံး ပြိုင်ပွဲလည်းဖြစ်သည်။

 

ယင်းပြိုင်ပွဲကို ယခင်က တိုက်ဂါးဖလားပြိုင်ပွဲ၊ အာဆီယံချန်ပီယံရှစ် ပြိုင်ပွဲအမည်များဖြင့် ကျင်းပခဲ့သော်လည်း လက်ရှိပြိုင်ပွဲ အမည်ဖြစ်သည့် အာဆီယံဆူဇူကီးဖလား ပြိုင်ပွဲအမည်ဖြင့် ကျင်းပလာသည်မှာ ဆယ်စုနှစ်တစ်ခုကျော် ကြာမြင့်သွားပြီဖြစ်သည်။

 

ကျင်းပပြီးစီးခဲ့သည့် ၁၂ ကြိမ်တွင် ထိုင်းအသင်းက ငါးကြိမ်ဖြင့် အအောင်မြင်ဆုံးဖြစ်နေပြီး စင်ကာပူအသင်းက လေးကြိမ်၊ ဗီယက်နမ်အသင်းက နှစ်ကြိမ်၊ မလေးရှားအသင်းက တစ်ကြိမ် ဗိုလ်စွဲထားသည်။