နေပြည်တော်  ၅  အောက်တိုဘာ

 

လူမှုသဟဇာတဆိုင်ရာ လုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရန် လူမှုသဟဇာsတဆိုင်ရာ မူဘောင်တစ်ရပ် ပေါ်ပေါက်လာရေး ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆည်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနှင့် ဝန်ကြီးဌာနတာဝန်ရှိသူများ၊ Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့ အွန်လိုင်းစနစ်ဖြင့် ကျင်းပပြုလုပ်သည်။ 

 

ဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံအနေဖြင့် တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ အမျိုးသားရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး ဦးတည်ချက်များဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်လျက်ရှိကြောင်း၊ နိုင်ငံအတွင်း ရေရှည်ပဋိပက္ခ ကင်းဝေးရေး ဆောင်ရွက်ရာတွင် လူမှုသဟဇာတဖြစ်ရေးလုပ်ငန်းစဉ်သည် အရေးကြီးကြောင်း၊  လူမှုသဟဇာတ ဖြစ်ရေးနှင့်ပတ်သက်၍ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ ဒေသခံများနှင့် ညှိနှိုင်းဆွေးနွေးခြင်းများ၊ တွေ့ဆုံပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများကိုလည်း အခါအားလျော်စွာ ဆောင်ရွက်လျက်ရှိကြောင်း၊  လူမှုသဟဇာတ ဖြစ်ရေးကို ဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာန တစ်ခုတည်းဖြင့်ဆောင်ရွက်၍ မရကြောင်း၊ အစိုးရဌာနများ၊ အစုအဖွဲ့များနှင့်  လူမှုအဖွဲ့အစည်းများအကြား ပူးပေါင်းဆောင်ရွက်ခြင်းနှင့် မတူညီသော လူမှုအသိုက်အဝန်း များအကြား အပြန်အလှန် ညှိနှိုင်းဆက်သွယ်ဆောင်ရွက်ခြင်း၊ ယုံကြည်မှုတည်ဆောက်ခြင်း စသည့်လုပ်ငန်းစဉ်များကို အလေးထား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဤလုပ်ငန်းသည် ရေရှည်လုပ်ငန်းစဉ်ဖြစ်၍ မူဘောင်တစ်ရပ်ရေးဆွဲပြီး စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ အစိုးရက ဆောင်ရွက်မည့်လုပ်ငန်းစဉ်များတွင် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပါဝင်ပူးပေါင်း ဆောင်ရွက်မည်ဖြစ်သည့်အတွက် ကြိုဆိုပါကြောင်း ပြောကြားသည်။

 

ထို့နောက် Paung Sie Facility နှင့် ဩစတြေးလျနိုင်ငံ Football United အဖွဲ့တို့က ပူးပေါင်းပါဝင် ဆောင်ရွက်နိုင်မည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးကြရာ ဒုတိယဝန်ကြီး၊ အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များက လိုအပ်သည့် အကြိုညှိနှိုင်းဆွေးနွေးရန် လိုအပ်သည့်ကိစ္စရပ်များ၊ လုပ်ငန်းများဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ကြရမည့် အခြေအနေများကို ပြန်လည်ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်