ရန်ကုန် အောက်တိုဘာ

ရန်ကုန်တိုင်းဒေသကြီး မြောက်ပိုင်းခရိုင် အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရန်နှင့် လိုအပ်သည်များတွင် အသုံးပြုနိုင်စေရန် ရည်ရွယ်၍ ပညာရေးမိသားစုမှ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ ငွေကျပ်(၃၉)သိန်းကျော်ကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ် ပညာရေးမှူးရုံးတွင် လှူဒါန်းခဲ့သည်။

 

လှူဒါန်းရာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်၊ကုသရေးလုပ်ငန်းစဉ်များတွင် လိုအပ်သည့် နေရာများ သုံးစွဲနိုင်ရန်အတွက် အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာဦးစီးဌာနမှ ဝန်ထမ်းများ စုပေါင်း၍ ငွေကျပ် (၃၉၁၂၉၀၀)ကို မြို့နယ်ပညာရေးမှူး ဦးကျော်ဦးနှင့် ဝန်ထမ်းများကလှူဒါန်းရာ အင်းစိန်မြို့နယ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဦး၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဦးဝေဖြိုးဟန်၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းအောင်နှင့် တာဝန်ရှိသူများက လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

အင်းစိန်မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)