ချောင်းဦး ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ဒေသထွက်ကုန်ပစ္စည်းများ၊ စိုက်ပျိုးသီးနှံများအား အချိန်တိုအတွင်း လွယ်ကူစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ကုန်ထုတ်လမ်းများ ဖောက်လုပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကုန်ထုတ်လမ်းဆောင်ရွက်ရန် လျာထား သည့် မကျီးခွကျေးရွာ ကုန်ထုတ်လမ်းဆောင်ရွက်ရန်အတွက် ယနေ့ နံနက် ၉ နာရီက မကျီးခွကျေးရွာ ကုန်ထုတ်လမ်း ဆောင်ရွက်မည့်နေရာအား မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းက မကျီးခွကျေးရွာကုန်ထုတ်လမ်းသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေသားတာပေါင်တင်ဂျင်း ခင်းခြင်း (၂/၂မိုင်×၁၂' - ၀" × ၁'-၉ ")လုပ်ငန်းကို ခန့်မှန်းကုန်ကျငွေကျပ် (၅၉ ဒသမ ၉၇)သန်းဖြင့် လျာထားရေးဆွဲထားပါကြောင်း၊ ယခုကုန်ထုတ်လမ်းသည် မကျီးခွကျေးရွာ၊ မင်းတည်ကျေးရွာ၊ မင်းခေါင်ကျေးရွာနှင့် ကျေးရွာချင်းဆက်စပ်လျက်ရှိသည့် ကျေးရွာများမှ လယ်မြေဧက(၈၄၀)ကျော် အကျိုးပြုခံစားရမည်ဖြစ်ကြောင်းနှင့် လုပ်ငန်းဆောင်ရွက်မည့်အချိန်တွင် လုပ်ငန်း၏ သတ်မှတ် စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။
ကွင်းဆင်းစစ်ဆေးရာသို့ မုံရွာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်မြင့်မြင့်အေးနှင့် ဝန်ထမ်းများ၊ ချောင်းဦးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်စိုးဝင်းနှင့် ဝန်ထမ်းများ၊ မကျီးခွကျေးရွာ အုပ်ချုပ်ရေးမှူး ဦးရန်နိုင်မြင့်နှင့် ကျေးရွာတောင်သူများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အိအိအောင်(ချောင်းဦး)


