လဟယ် ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်အမည်စာရင်းများကို အောက်တိုဘာ ၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ ဒုတိယအကြိမ် ကပ်ထားကြေညာခဲ့ရာ မဲစာရင်းတွင် မိမိအမည် ပါ၊ မပါကို လာရောက်ကြည့်ရှုလျက် ရှိကြသည်။
လဟယ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၄၀ အုပ်စုရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း ၃၃၁၆၆ ဦးအတွက် မဲရုံပေါင်း ၁၀၅ ရုံဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ဒုတိယအကြိမ် မဲစာရင်းကပ်ထား ကြေညာရာတွင် မိမိအမည်စာရင်း ပါ၊ မပါ လာရောက်ကြည့်ရှုကြရန်လိုအပ်ကြောင်း၊ သို့မှသာ ဆန္ဒမဲ စာရင်းတွင် မိမိအမည်မပါရှိပါက ပုံစံ (၃)ဖြင့် အမည်စာရင်းတင်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းတွင် မိမိအမည်နှင့် အချက်အလက် များမှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း နာဂဒေသ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။
၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံလုံခြုံရေးတာဝန်ထမ်းဆောင်ရန် အထူးရဲတပ်ဖွဲ့ဝင် ၁၀၅ ဦးခန့်အပ်ထားပြီး အထူးရဲသင်တန်းကိုလည်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း နာဂဒေသရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
မွှေးကြူဇင်


