ဘုတ်ပြင်း ၆ အောက်တိုဘာ
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်အတွင်းရှိ မြေသားလမ်းတာချဲ့ခြင်း၊ ကျောက်တောင်များ ရှင်းလင်းဖယ်ရှားခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း(၁၅/၀)မိုင်၊ ကျောက်ခင်းခြင်းလုပ်ငန်း (၆/၄)မိုင်၊ ဘေလီတံတား(၅)စင်း၊ မြေထိန်းနံရံတည်ဆောက်ခြင်းနှင့် (၅)ပေ Box Culvert အစင်း (၄၀)တို့အတွက် စုစုပေါင်းခွင့်ပြု ရန်ပုံငွေ ကျပ်(၁၆၁၁ ဒသမ ၆၁၂)သန်းဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများမှာ ဘုတ်ပြင်းမြို့နယ်၊ ဟန်ကပြုကျေးရွာ အုပ်စု၊ ပြည်ထောင်စု လမ်းမကြီးမှ ဟန်ကပြုကျေးရွာနှင့် ရွာဟေ့လူကျေးရွာများသို့ ဆက်သွယ်သည့် ကျေးရွာချင်းဆက်လမ်း (၃၄/၀)မိုင်အနက် မြေသားလမ်းတာချဲ့ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း (၇/၀)မိုင်၊ ကျောက်ခင်းခြင်း(၁/၄)မိုင်၊ သံကူကွန်ကရစ်တံတား(၂)စင်း (၁၆၅)ပေနှင့် မြေထိန်းနံရံ (၄၀၀)ပေ ဆောင်ရွက်ပြီးစီးခဲ့ပြီး ကျန်ရှိသည့် လမ်းပိုင်းအနက်မှ (၁၅/၀)မိုင် မြေသားလမ်းပြုပြင်ထိန်းသိမ်းခြင်း၊ (၀/၂)မိုင် ကျောက်တောင်များ ရှင်းလင်း ဖယ်ရှားခြင်း၊ (၆/၄)မိုင် ကျောက်ခင်းခြင်း၊ ၎င်းလမ်းပေါ်တွင် ဘေလီတံတား (၂၀)ပေ(၂)စင်း၊ (၃၀)ပေ(၃)စင်း၊ မြေထိန်းနံရံပေ (၂၀၀)နှင့် (၅)ပေ Box Culvert အစင်း (၄၀) တည်ဆောက်ခြင်းလုပ်ငန်းများအား သတ်မှတ် စံချိန်စံညွှန်းနှင့်အညီ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးကြောင်း သိရသည်။
ယင်းလုပ်ငန်းများဆောင်ရွက်ပေးခြင်းဖြင့် နယ်စပ်ဒေသရှိ ကျေးရွာများအတွက် လမ်းပန်းဆက်သွယ်ရေး အဆင်ပြေချောမွေ့စေပြီး နယ်စပ်ဒေသရှိပြည်သူများ၏ ကျန်းမာရေး၊ ပညာရေးနှင့် လူမှုစီးပွားရေးဘ၀ တိုးတက်မြင့်မားလာစေမည်ဖြစ်ကြောင်း သိရသည်။
ခင်ရတနာ


