မကွေး  ၆  အောက်တိုဘာ

မကွေးတိုင်းအတွင်း၌ Covid-19 ကပ်ရောဂါဆိုင်ရာ စစ်ဆေးမှုများ လုပ်ဆောင်နိုင်ရန် မြို့နယ် ၂၅ မြို့နယ်ရှိ ပြည်သူ့ကျန်းမာရေးဦးစီးဌာနများသို့ Test Kits အရေအတွက် ၉၀၀၀ ခန့် ဖြန့်ဝေသွားမည် ဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာန က သိရသည်။

 

"အခုလောလောဆယ် Test Kits ၄၀၀၀ လောက်ကို မြို့နယ်အသီးသီးက ကျန်းမာရေးဌာနတွေကို ပထမအသုတ်အနေနဲ့ ဖြန့်ဝေထားပြီးပါပြီ။ နောက်ထပ် ၅၀၀၀ လောက် ဖြန့်ဝေသွားဖို့ရှိပါတယ် '' ဟု မကွေးတိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က ပြောကြားသည်။

 

Test Kits များ ရရှိပြီး စတင်သုံးစွဲစစ်ဆေးသည့်နေ့ အောက်တိုဘာ ၅ ရက်နေ့၌ ငဖဲမြို့နယ်၊ ပျဉ်းဝစစ်ဆေးရေးဂိတ်၌ ရခိုင်ပြည်နယ်ဘက်မှ ဝင်ရောက်လာသည့် ကုတန်တင်ယာဉ်မောင်းနှင့် နောက်လိုက် ၃၁ ဦးကို စစ်ဆေးရာ ၂ ဦးတွင် ကိုဗစ်ပိုး တွေ့ရှိခဲ့ရသည်။

 

အလားတူ ​မင်းဘူးမြို့၊ ယာဉ်ရပ်နားစခန်း ကားကြီးဝင်း၌လည်း ကုန်တင်ယာဉ်မောင်း ၅၀ ကို စစ်ဆေးခဲ့ပြီး ကိုဗစ် လူနာ ၃ ဦးကို စမ်းသပ်တွေ့ရှိခဲ့ရကြောင်း မင်းဘူးခရိုင် အုပ်ချုပ်ရေးမှူး ဦးစန်းဌေး ထံက သိရသည်။

 

"Test kits နဲ့ ကျန်းမာရေးဝန်ထမ်းတွေ၊ သံသယလူနာနဲ့ ဆက်စပ်ထိတွေ့တဲ့သူတွေကို စစ်ဆေးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ကုန်စည်စီးဆင်းမှု ဆောင်ရွက်နေတဲ့ ပြည်နယ်တိုင်းအလိုက် နယ်စပ်ဖြတ်ကျော်တဲ့ ကားသမားတွေကိုလည်း လတ်တလော စစ်ဆေး ပေးနေပါတယ် '' ဟု မကွေးတိုင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်း က ပြောကြားသည်။

 

ယနေ့အောက်တိုဘာ ၆ ရက်နေ့ မနက်ပိုင်း၌ ငဖဲပျဉ်းဝစစ်ဆေးရေးဂိတ်၌ Test kits ဖြင့် စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်ရှိရာ ကုန်တင်ယာဉ်မောင်း တစ်ဦးတွင် ကိုဗစ်ပိုးတွေ့ရှိထားကြောင်း၊ Test Kits ဖြင့် စစ်ဆေးရာတွင် မိနစ် ၃၀ ခန့်အတွင်း အဖြေထွက်သည့်အတွက် ကိုဗစ်လူနာတွေ့ရှိမှု ပိုများလာနိုင်​ကြောင်း မကွေးတိုင်းပြည်သူ့ကျန်းမာ ရေးဦးစီးဌာနက သိရသည်။

ဇေယျတု(မကွေး)