မန္တလေး ၆  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၌ မဲပေးရမည့် စာရင်းမပါသဖြင့် လျှောက်ထားသူ ၊ ကန့်ကွက်သူ ၊ ပြင်ဆင်သူ စုစုပေါင်း ဦးရေ ၂၃၀၅၀  ရှိသည်ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

"မန္တလေးမှာက stay at home ကပ်ထားတဲ့ မြို့နယ် သုံးမြို့နယ်ပဲ မဲစာရင်းမကပ်တာပါ ။ ကျန်တဲ့ မြို့နယ်တွေကပ်ပါတယ် ။ ပြင်ဆင်တာတွေကိုတော့ ရပ်ကွက် ကော်မရှင်ရုံးမှာ ပြင်ဆင်တာတ ွေလျှောက်လို့ ရပါတယ်" ဟု မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ ဥက္ကဌ ဦးရှိန်ဝင်းက ပြောသည်။

 

ဒုတိယအကြိမ် ကပ်သည့် မဲစာရင်းတွင် မပါသဖြင့် ပုံစံ (၃)ဖြင့်လျှောက်ထားသူ ၁၁၅၉၇ ဦးနှင့် မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေသဖြင့် ပုံစံ (၄)ဖြင့် ကန့်ကွက်သူ ၂၂၆၃ ဦးအပြင် ကိုယ်ရေး အချက်အလက် မှန်ကန်မှုမရှိခြင်းကြောင့် ပုံစံ ၄(ဂ) ဖြင့် ပြင်ဆင်သူ ၉၁၉၀ ရှိကြောင်း သိရသည်။

 

မန္တလေးတိုင်းဒေသကြီးတွင် ပထမအကြိမ် မဲစာရင်းအရ မဲပေးခွင့် ရှိသူဦးရေသည်  ၄၅ သိန်းကျော်ရှိပြီး မဲစာရင်းအမှားများကို ပြင်ဆင်ပြီးနောက် ဒုတိယအကြိမ် ကပ်သည့် မဲစာရင်းတွင် မဲပေးခွင့်ရှိသူ ဦးရေ  ၄၆ သိန်းကျော်ထိ ရှိလာခဲ့သည်။

 

၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲကို နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် (UEC) ထုတ်ပြန်ထားသည်။

 

ဖြိုးအိ