နေပြည်တော် ၆  အောက်တိုဘာ

 

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက် ရေးဦးစီးဌာနက ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ အချိန်မီဆောင်ရွက်နိုင်ရေးအတွက် တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၉ နာရီခွဲက Video Conferencing စနစ်ဖြင့် ကျင်းပသည်။

 

ရှေးဦးစွာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခန့်ဇော်က အမှာစကားပြောကြားပြီး တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာန ဦးစီးမှူးများက ၂၀၁၉-၂၀၂၀ ခု  ဘဏ္ဍာရေးနှစ် ဆောင်ရွက်ခဲ့သော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ၂၀၂၀-၂၀၂၁ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်မည့် တည် ဆောက်ရေးလုပ်ငန်းများ တင်ဒါခေါ်ယူမှု၊ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုနှင့် အခြားလူထု အခြေပြုစီမံကိန်း လုပ်ငန်းစဉ်များ ဆောင်ရွက်နေမှုများကို ရှင်းလင်းတင်ပြကြရာ ညွှန်ကြား ရေးမှူးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။

 

ထို့နောက် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ်များက တိုင်းဒေသကြီး/ ပြည်နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာန ဦးစီးမှူးများ၏ တင်ပြချက်များအပေါ် ကဏ္ဍအလိုက် လိုအပ်ချက်များအား ဖြည့်စွက်ဆွေးနွေးမှာကြားပြီး ညွှန်ကြား‌ရေးမှူးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားသည်။

 

အဆိုပါ Video Conferencing စနစ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျေးလက်ဒေသဖွံ့ ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ညွှန်ကြားရေးမှူးချုပ်နှင့် ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊  တိုင်းဒေသကြီး/ ပြည်နယ်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (၁၇)ခုမှ ဦးစီးမှူးများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

 

(သတင်းစဉ်)