မန္တလေး ၆ အောက်တိုဘာ
မန္တလေးတိုင်းဒေသကြီးအတွင်း ဝင်ရောက်မည့် ကုန်ကားသမားများအား နယ်စပ်ဂိတ်(၁၀)ခုမှ စစ်ဆေးနေပြီး ကုန်ကားသမား(၂၄)ဦးတွင် ပိုးတွေ့ထားကြောင်း ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင်က ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“အောက်တိုဘာ (၁) ရက်နေ့ကျတော့ ပြဿနာ စပါတယ်။ ကုန်တင်ယာဉ်မောင်းနဲ့ နောက်လိုက် အားလုံး Covid စစ်ထားတာ မပါကြဘူး။ ကျွန်တော်တို့ကလည်း ညွှန်ကြားချက်နဲ့အညီ လွှတ်မပေးရဲဘူး။ ကားသမားတွေမှာ ပိုးရှိခဲ့ရင် ပြည်သူတွေဆီ ကူးနိုင်ပါတယ်။ ဒါကြောင့် အခက်အခဲဖြစ်ပြီး ဂိတ်တွေမှာ ကားတွေ စုပုံသွားပါတယ်” ဟုရေးသားထားသည်။
မန္တလေးတိုင်းဒေသကြီး အတွင်းသို့ဝင်ရောက်မည့် ကုန်ကားများအား မန္တလေးတိုင်းဒေသကြီး နယ်စပ်ဂိတ် (၁၀)ခုမှ COVID-19 မရှိကြောင်း ထောက်ခံချက် ပါ၊ မပါနှင့် မပါပါက Test Kit များဖြင့် စစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။
မန္တလေးတိုင်းဒေသကြီးကို အောက်တိုဘာလ ၁ ရက်နေ့က စတင်ကာ ဝင်ရောက်လာမည့် ကုန်စည်ပို့ဆောင်ရေး ယာဉ်များမှ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များသည် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ၂ ပတ်အတွင်း ထုတ်ပေးထားသည့် COVID-19 ပိုးကင်းရှင်းကြောင်း ထောက်ခံချက်ပါမှသာ ဝင်ခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့က စက်တင်ဘာ ၂၉ ရက်နေ့က ထုတ်ပြန်ထားသည်။
ဖြိုးအိ


