နေပြည်တော်    ၆  အောက်တိုဘာ

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာ အဖွဲ့ (International Labour Organization-ILO) တို့ ပူးပေါင်း၍ (၁၃)ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်အတွက် နိုင်ငံအဆင့် သုံးပွင့်ဆိုင်အကြို လုပ်ငန်းညှိနှိုင်းအစည်းအဝေး ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲတွင် Virtual Meeting ဖြင့် ကျင်းပသည်။

 

အစည်းအဝေးသို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးမှ သံအမတ်ကြီး  Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO-Yangon) မှ Liaison Officer Mr. Donglin Li ၊ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့မှ ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ UN/ INGO/ NGO မှ ကိုယ်စားလှယ်များ၊ အလုပ်သမားအဖွဲ့အစည်းများ၊ အလုပ်ရှင်အဖွဲ့အစည်းများ၊ အရပ်ဖက် လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ကြသည်။

 

ဖွင့်ပွဲတွင် ပြည်ထောင်စုဝန်ကြီးက နိုင်ငံအဆင့် အကြိုလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယခင်ပြုလုပ်ခဲ့သည့် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်များ၏ အကြံပြုချက်များအပေါ် အကောင်အထည်ဖော်ဆောင်ရွက်မှု ဖြစ်ပေါ်တိုးတက်မှုများကို လေ့လာရန်၊ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်၏ ခေါင်းစဉ်ဖြစ်သည့် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားနေစဉ်အတွင်း ရွှေ့ပြောင်းအလုပ်သမားများကို ပံ့ပိုးကူညီပေးရန် အတူတကွ ပေါင်းစည်း၍ တုံ့ပြန်ဆောင်ရွက်နိုင်သော အာဆီယံအသိုက်အဝန်းနှင့် စပ်လျဉ်းပြီး ဆွေးနွေးရန်၊ (၁၃) ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားဆိုင်ရာ အာဆီယံဖိုရမ်သို့ တက်ရောက်မည့် မြန်မာကိုယ်စားလှယ်အဖွဲ့ ထည့်သွင်းဆွေးနွေးနိုင်မည့် နိုင်ငံအဆင့်အကြံပြုချက်များ မူကြမ်းရေးဆွဲနိုင်ရန်နှင့် အတည်ပြုချမှတ်နိုင်ရန် ရည်ရွယ် ကျင်းပခြင်းဖြစ်ပါကြောင်း။

 

ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ စိန်ခေါ်မှုများရင်ဆိုင်နေရပြီး ကမ္ဘာ့လူနေမှုဘဝ ပုံစံပြောင်းလဲ လာကြောင်း၊ နိုင်ငံတော်တော်များများတွင် လူဝင်မှုကြီးကြပ်ရေးနှင့် စပ်လျဉ်းပြီး ပုံစံ အမျိုးမျိုးဖြင့် ဗီဇာသက်တမ်းတိုး ပေးခဲ့သည့်အတွက် လုပ်သားအချို့ အဆင်ပြေနိုင်သော်လည်း အများစုသည် အလုပ်အကိုင်စာချုပ်သက်တမ်း ကုန်ဆုံးခြင်း၊ လုပ်သားအင်အားလျှော့ချခြင်း၊ စက်ရုံ/အလုပ်ရုံ ပိတ်သိမ်းခြင်း၊ အလုပ်အကိုင်ဆုံးရှုံးရခြင်းတို့ကို ကြုံတွေ့နေရကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ပြည်ပတွင်ရောက်ရှိနေသည့် ရွှေ့ပြောင်း အလုပ်သမားများသည် အခက်အခဲအမျိုးမျိုးကြောင့် နေရပ်ပြန်လိုမှု၊ တရားမဝင်နေထိုင် လုပ်ကိုင်နေသူများ နေရပ်ပြန်လိုမှု၊ နေထိုင်စားသောက်ရေး အခက်အခဲဖြစ်နေမှုတို့နှင့် စပ်လျဉ်း၍ ဝန်ကြီးဌာနမှ ခန့်အပ်တာဝန်ပေး ထားသည့် အလုပ်သမားသံအရာရှိများက သက်ဆိုင်ရာ မြန်မာသံရုံးနှင့် ပူးပေါင်းကူညီ ဆောင်ရွက်ပေးလျက် ရှိသကဲ့သို့ နေထိုင်ခွင့်နှင့်စပ်လျဉ်းသည့် အချက်များ၊ နေရပ်ပြန်ရာတွင် ဆောင်ရွက်ရမည့်အချက်များ၊ ကိုဗစ်-၁၉ ရောဂါတားဆီးကာကွယ်ရေး သက်ဆိုင်ရာနိုင်ငံက ချမှတ်ထားသည့် စည်းမျဉ်းစည်းကမ်း များကိုလူမှုကွန်ယက်မှ တစ်ဆင့် အလုပ်သမားများသိရှိနိုင်ရေး ကျယ်ကျယ်ပြန့်ပြန့် သတင်းဖြန့်ဝေပေးလျက်ရှိကြောင်း။ 

 

အကြပ်အတည်းကာလအတွင်း ရွှေ့ပြောင်းအလုပ်သမားအများစုက လူမှုကာကွယ်စောင့်ရှောက်မှု မရရှိသည့်အတွက် ရေရှည်တွင် ရွှေ့ပြောင်းအလုပ်သမားများအတွက် အာမခံမှုရှိသည့် လွှဲပြောင်းရယူနိုင်သည့် လူမှုကာကွယ် စောင့်ရှောက်မှုဖြစ်စေရေးနှင့် ပတ်သက်၍ မူရင်းနိုင်ငံနှင့် လက်ခံနိုင်ငံများအကြား ညှိနှိုင်းဆောင်ရွက်မှုများကို အမြန်ဆုံးပြုလုပ်သွားရန် လိုအပ်ကြောင်း။

 

ကိုဗစ်-၁၉ ၏ သက်ရောက်မှုသည် ကမ္ဘာတစ်ဝန်း အလုပ်သမားစျေးကွက်အပါအဝင် ကဏ္ဍပေါင်းစုံအပေါ် သက်ရောက်မှုရှိခြင်းကြောင့် ရွှေ့ပြောင်းလုပ်သားများကို မူရင်းနိုင်ငံသို့ပြန်ရန် တွန်းအားဖြစ်စေပြီး မူရင်းနိုင်ငံသို့ ပြန်သည့်အခါတွင် တားမြစ်ကန့်သတ်ချက်များစွာရှိနေကြောင်း၊ ယခုကာလတွင် တရားဝင်လမ်းကြောင်းများ ပိတ်ဆို့ထားသည့်အတွက် အစိုးရအချင်းချင်းသာမက အရပ်ဖက်အဖွဲ့အစည်း၊ ပုဂ္ဂလိက အခန်းကဏ္ဍများနှင့် ချိတ်ဆက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အချို့နေရပ်ပြန်လုပ်သားများသည် ပြည်တွင်း၌ ဆက်လက်နေထိုင် လုပ်ကိုင်မည်ဖြစ်၍ နေရပ်ပြန်လုပ်သားများ မူရင်းနိုင်ငံ၏ အလုပ်သမားစျေးကွက်များတွင် ပြန်လည် ပေါင်းစည်းနိုင်ရေး လိုအပ်ချက်များကို ထည့်သွင်းစဉ်းစားဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ်အကိုင်ရှာဖွေရန်၊ အလုပ်ရှင်များ၊ ကုမ္ပဏီများ၊ အဖွဲ့အစည်းများမှလက်ခံရန် အလုပ်သမားများ၏ ကျွမ်းကျင်မှု အသိအမှတ်ပြုရေးသည် အရေးကြီးပါကြောင်း၊  ရွှေ့ပြောင်းအလုပ်သမားများ အပါအဝင်လုပ်သားထု ကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ပေးရာတွင် ၎င်းတို့၏ Soft skills အတွက်ပါ ထည့်သွင်းစဉ်းစား ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကာလအတွင်း ကျွမ်းကျင်မှုသင်ကြားရာတွင် သမားရိုးကျမဟုတ်သော နည်းလမ်းများကို အသုံးပြုသင်ကြားပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

 

ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာ ဩစတေးလျသံရုံးမှ သံအမတ်ကြီး Ms. Andrea Faulkner ၊ မြန်မာနိုင်ငံဆိုင်ရာ ကနေဒါသံရုံးမှ ပူးပေါင်းဆောင်ရွက်ရေးအကြီးအကဲ Ms. Eileen Stewart နှင့် အပြည်ပြည်ဆိုင်ရာ အလုပ်သမား ရေးရာအဖွဲ့ (ILO- Yangon) မှ Liaison Officer Mr. Donglin Li တို့က အဖွင့်အမှာစကားပြောကြားသည်။

 

ထို့နောက် တက်ရောက်လာသည့် ကိုယ်စားလှယ်များက အစည်းအဝေးနှင့်စပ်လျဉ်း၍ ပြန်လည်သုံးသပ်ခြင်း၊ ဆွေးနွေးခြင်း၊ အကြံပြုချက်များရယူခြင်းများ ပြုလုပ်ခဲ့ပြီး ယခုအစည်းအဝေးမှ ရရှိလာသည့်ရလဒ်များကို ဗီယက်နမ်နိုင်ငံက ဦးဆောင်ပြုလုပ်မည့် (၁၃)ကြိမ်မြောက် ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ အာဆီယံဖိုရမ်တွင် ထည့်သွင်းဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 

သတင်းစဉ်