ရန်ကုန်  ၆  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို အောက်တိုဘာ ၁ ရက်မှစတင်ကာ ဒုတိယအကြိမ် ကပ်ထားကြေညာပေးလျက်ရှိရာ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုမရှိစေရေးအတွက် (Social Distancing)နှင့်အညီ မဲစာရင်းများ ကြည့်ရှုနိုင်ရန် စီစဉ်ဆောင်ရွက် ပေးထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။ 

 

“ ရန်ကုန်တိုင်းဒေသကြီးအတွင်း မဲစာရင်းကပ်ထားကြေညာထားတဲ့ ရပ်ကွက် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ မဲစာရင်း လာရောက်ကြည့်ရှုတဲ့သူတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ (Socidal Distancing ) နဲ့အညီ ကြည့်ရှုနိုင်ဖို့ တာဝန်ကျတဲ့ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက ကူညီဆောင်ရွက် ပေးပါတယ်။ လာရောက်မကြည့်ရှုနိုင်တဲ့ မဲဆန္ဒရှင်တွေကိုတော့ အွန်လိုင်းကနေ ကြည့်ရှုနိုင်အောင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကနေ အွန်လိုင်းမှာ တင်ထားပေးပါတယ်။ အဲဒီမှာလည်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲကလည်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ကူညီပံ့ပိုးမှုနဲ့ အွန်လိုင်းမှာ ကြည့်ရှုလို့ရအောင် တင်ထားပေးပါတယ်။ အဲဒီမှာလည်း ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။ ပြည်သူတွေ အနေနဲ့ စိတ်ဝင်စားမှုရှိပါတယ်။ စိတ်ဝင်စားမှုရှိတယ်ဆိုတာက ကိုဗစ် အခြေအနေမှာတောင် မဲဆန္ဒရှင်စာရင်း ကပ်ထားကြေညာတာကို လာရောက်ကြည့်ရှုတဲ့ သူတွေရှိပါတယ်။ အောက်တိုဘာ ၁ ရက်ကနေ နေ့စဉ်လာရောက် ကြည့်ရှုတာ တစ်နေ့ကို လူဦးရေ သုံးသောင်းလောက်ရှိပါတယ်။ အွန်လိုင်းကနေ ကြည့်ရှုတာ ဒီနေ့အထိ ၉ သောင်းကျော်ရှိပါတယ်”ဟု  ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေးက ပြောသည်။ 

 

ထပ်မံ၍ ၎င်းက “ အဲဒီလိုကြည့်ရှုလို့ မဲစာရင်းမှာ မိမိအမည် ရှာဖွေမတွေ့ရှိဘူး။ အခက်အခဲ တစ်စုံတစ်ရာ ရှိတယ်ဆိုရင် မဲဆန္ဒရှင်အနေနဲ့ မိမိနေထိုင်တဲ့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးတွေကို ဆက်သွယ်ပြီးတော့ အကူအညီ တောင်းခံနိုင်အောင်လည်း ရပ်ကွက်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေရဲ့ ဆက်သွယ်ရမယ့် ဖုန်းနံပါတ်တွေကိုလည်း (Web application)ထဲမှာ ဖော်ပြပေးထားပါတယ်။ နောက်တစ်ခုက Digital နည်းပညာကို အသုံးချနိုင်မယ်ဆိုရင်  မဲဆန္ဒရှင်စာရင်းထဲမပါတာ အချက်အလက်တွေမှားယွင်းနေတာ မဲစာရင်းထဲမှာ မပါသင့်တဲ့ သူတွေ ပါနေတာတွေရှိလာခဲ့ရင် (Web application) ကနေ ပုံစံတွေရယူပြီး အွန်လိုင်းကနေ လျှောက်ထားဆောင်ရွက်နိုင်အောင်လည်း ပြင်ဆင်ဆောင်ရွက်ပေးထားပါတယ်” ဟု ပြောသည်။

 

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မဲဆန္ဒရှင်ပြည်သူများ၏ မဲစာရင်းများကို တစ်နိုင်ငံလုံးရှိ သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာကော်မရှင်ရုံးများတွင် ပထမအကြိမ် ဇူလိုင် ၂၅ ရက်မှ ဩဂုတ် ၇ ရက်အထိ ကပ်ထားကြေညာပေးခဲ့ပြီး  ဒုတိယအကြိမ် အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ ထပ်မံကြေညာပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

မဲဆန္ဒရှင်ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်စာရင်းမပါဝင်ပါက ပုံစံ(၃)ဖြင့် မဲစာရင်းတွင် အမည်ထည့်သွင်းပေးရန် တောင်းဆိုခြင်း၊ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါ အချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄-ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများ ဆောင်ရွက်နိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်တွင် ကြေညာထားသည်။ 

 

“ အခုကြေငြာထားတဲ့ မဲဆန္ဒရှင်စာရင်းက နောက်ဆုံးကပ်ထား ကြေညာတာဖြစ်တဲ့အတွက်ကြောင့် ဒီမဲစာရင်းမှာ မိမိအမည် မပါဝင်ခဲ့ဘူးဆိုရင်  ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲ ကျင်းပတဲ့အခါမှာ ဆန္ဒမဲပေးပိုင်ခွင့် ဆုံးရှုံးသွားနိုင်တဲ့ အခြေအနေ ဖြစ်တဲ့ အတွက်ကြောင့် မဲဆန္ဒရှင်စာရင်းမှာ မိမိအမည် ပါဝင်ခြင်းရှိမရှိ မဖြစ်မနေ စစ်ဆေးပေး စေချင်ပါတယ်။ အခုအခြေအနေမှာ ကိုဗစ်ဖြစ်နေတဲ့အတွက်ကြောင့် ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးတွေမှာ သွားရောက်မကြည့်ရှုကြဘူးဆိုရင်လည်း အွန်လိုင်းကနေ စစ်ဆေးလို့ရအောင် ဆောင်ရွက်ပေးထားပါတယ်။ အွန်လိုင်း ကနေလည်း စစ်ဆေးတာ အဆင်မပြေဘူး။ မြေပြင်မှာလည်းစစ်ဆေးတာ အဆင်မပြေဘူးဆိုရင် တယ်လီဖုန်း ကနေ ဆက်သွယ်ဆောင်ရွက်နိုင်အောင် စီစဉ်ဆောင်ရွက်ထားပေးတာ ဖြစ်တဲ့အတွက်ကြောင့် မဲဆန္ဒရှင်ပြည်သူတွေအနေနဲ့ မဖြစ်မနေ ကိုယ့်အမည်စာရင်းပါမပါ စီစစ်ဆောင်ရွက်ပေးကြပါ။ ဒါမှလည်း မဲပေးခွင့်မဆုံးရှုံးပဲ ၂၀၂၀ ရွေးကောက်ပွဲမှာ ပါဝင်ပြီး မဲပေးနိုင်မှာ ဖြစ်ပါတယ်” ဟု ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးတင်မောင်အေး က ပြောသည်။ 

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက် ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဲရုံပေါင်း (၅၈၀၉) ရုံ လျာထား ပြင်ဆင်ဆောင်ရွက်နေပြီး မဲရုံများတွင် တာဝန်ထမ်းဆောင်ရန် မဲရုံမှူးနှင့် အဖွဲ့ဝင်အင်အား ခြောက်သောင်းကျော် အသုံးပြုရန် စီစဉ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ မှ သိရသည်။

 

ရန်ကုန်တိုင်းဒေသကြီးတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၉၅) ဦး၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် လောင်း (၆၉) ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ် (၁) လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၉၅) ဦး၊ တိုင်းဒေသကြီး မဲဆန္ဒနယ်(၂) လွှတ်တော် ကိုယ်စားလှယ်လောင်း (၂၇၇) ဦး၊ ကရင်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စား လှယ်လောင်း (၇)ဦး၊ ရခိုင်တိုင်းရင်းသား လူမျိုးရေးရာ လွှတ်တော်ကိုယ်စားလှယ်လောင်း (၆)ဦးနှင့် တစ်သီးပုဂ္ဂလက လွှတ်တော်ကိုယ်စားလှယ်လောင်း (၃၂) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။

 

၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်တွင် ကျင်းပမည့် အထွေထွေရွေးကောက်ပွဲအတွက် ရန်ကုန်တိုင်းဒေသကြီးတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ ၅၈ သိန်းခန့်ရှိကြောင်း၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ရန်ကုန်တိုင်းဒေသကြီးတွင် မဲပေးပိုင်ခွင့်ရှိသူဦးရေ  ၇ သိန်း ခန့်တိုးလာကြောင်း ရန်ကုန်တိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်ရုံးက သိရသည်။ 

 

(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-နေလင်း)