ကလေး ၆ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ စမ်းမြို့ရပ်ကွက်နေ ဦးမန်းလျှံထန်းနှင့် ဒေါ်မောသဲ မိသားစု (ARB ဆန်ပွဲရုံ) မှ ဆန်အိတ် ၉၀ ကို ယနေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်းသိရသည်။
ထိုသို့လှူဒါန်းခဲ့သည့် ဆန်အိတ် ၉၀ အား ကလေးခရိုင် ကိုဗစ်-၁၉ ကပ်ရောဂါ ထိန်းချုပ်ရေး ကော်မတီဉက္ကဋ္ဌ ဦးခင်မောင်ချိုနှင့်အဖွဲ့ဝင်များက လက်ခံရယူခဲ့ကြသည်။ အဆိုပါဆန်များအား စမ်းမြို့ရပ်ကွက်အတွင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အများဆုံးတွေ့ရှိရသည့် နယ်မြေ ( ၄ ) မှ အိမ်ထောင်စု ၉၂ စုနှင့် လူဦးရေ ၃၇၆ ဦးနှင့် နယ်မြေ ( ၆ ) မှ အိမ်ထောင်စု ၈၇ စုနှင့် လူဦးရေ ၃၉၂ ဦး၊ စုစုပေါင်းအိမ်ထောင်စု ၁၇၉ စုနှင့် လူဦးရေ ၇၆၈ ဦးတို့အား အိမ်ထောင်စု နှစ်စုလျှင် ဆန်အိတ် တစ်အိတ်နှုန်းဖြင့် ပြည်သူ မှ ပြည်သူသို့ အစီအစဉ်ဖြင့် SKT Volunteer အဖွဲ့က အိမ်တိုင်ရာရောက် ဖြန့်ဝေပေးသွားမည် ဖြစ်ကြောင်းသိရသည်။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့နယ် စမ်းမြို့ရပ်ကွက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ အတည်ပြုလူနာ ၂၂ ဦး တွေ့ရှိရသည့်အတွက် အခြားရပ်ကွက်များအတွင်းသို့ ကူးစက်ပြန့်နှံ့မှု မရှိစေရန် အောက်တိုဘာ ၃ ရက်နေ့မှစတင်ကာ စမ်းမြို့နေပြည်သူများအား အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။
ထန်းဖုန်(ပြန်/ဆက်)


