၆ စက်တင်ဘာ

 

ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့အစည်းတစ်ခုဖြစ်သော UNOPS၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် ဧရာဝတီစင်တာသို့ ယနေ့ နံနက်ပိုင်းက လာရောက်ကြည့်ရှုရာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ တာဝန်ခံဆရာဝန်ကြီးများနှင့် ဧရာဝတီ ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်တို့က လက်ခံတွေ့ဆုံခဲ့ပြီး  ဧရာဝတီစင်တာ၏ လည်ပတ်နေပုံအဆင့်ဆင့်ကို လိုက်လံရှင်းလင်းပြသခဲ့သည်။

 

နိုင်ငံတကာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များသည် (၈၇၅) ကုတင်ဆံ့ ဧရာဝတီစင်တာ (A)နှင့် (B) တို့၏ လည်ပတ်ဆောင်ရွက်နေပုံကို ဝင်ရောက်လေ့လာခဲ့ပြီး၊ အသစ်ဖွင့်လှစ်တော့မည့် ICU/HDU (၇၅)ကုတင်ပါ Critical Care Unit - ဧရာဝတီစင်တာ (C) ပြင်ဆင်ဆောင်ရွက်ထားရှိမှုကို အသေးစိတ်လေ့လာဆွေးနွေးခဲ့သည်။

 

ယင်းကဲ့သို့ ဆွေးနွေးကြရာတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ တာဝန်ရှိသူများက ICU/HDU အတွက် ဆရာဝန်၊ သူနာပြု၊ Radiologist၊ Laboratory Technician များနှင့်ပတ်သက်၍ လူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်သည် အရေးကြီးပါကြောင်း၊ လိုအပ်သောသင်တန်းများကို ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုသရေးလုပ်ငန်း များနှင့် ပတ်သက်၍လည်း ညှိနှိုင်းကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ Infrastructure များနှင့် ပတ်သက်၍ ဧရာဝတီဖောင်ဒေးရှင်းက ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍ UNOPS မှ အကြံကောင်းဉာဏ်ကောင်းများ ပေးသွားမည်ဖြစ်ကြောင်း၊ ICRC ဘက်မှလည်း ဧရာဝတီစင်တာတွင် ကြက်ခြေနီအဖွဲ့ဝင်များ ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းမြောက်ပါကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ 

 

ဧရာဝတီဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း ICU/HDU စင်တာအတွက် လူ့စွမ်းအားအရင်းအမြစ်က အမှန်တကယ် အရေးကြီးပါကြောင်း၊ WHO အနေဖြင့်လည်း လိုအပ်သည့်သင်တန်းများ ပံ့ပိုးပေးမည့်အတွက် အလွန်ဝမ်းမြောက်မိပါကြောင်း၊ UNOPS အနေဖြင့်လည်း Logistic, Equipment, Infrastructure ပိုင်းများကို အကြံဉာဏ်ပေးသည့်အတွက် ကျေးဇူးတင်ရှိပါကြောင်း၊ ICRC နှင့် ပတ်သက်သည့်ကိစ္စများကိုလည်း ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ လိုအပ်သည့် ခွင့်ပြုချက်များကို နိုင်ငံတော်နှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနသို့တင်ပြ၍ ခွင့်ပြုချက်ရယူသွားမည် ဖြစ်ပါကြောင်း၊ လူသားအကျိုးပြု လုပ်ငန်းများ ဆောင်ရွက်ရာတွင် မိမိတို့ အဖွဲ့အစည်းအနေဖြင့် နိုင်ငံတကာအဖွဲ့အစည်းများ၊ နိုင်ငံတော်နှင့် ပြည်သူများအားလုံး ပူးပေါင်းဆောင်ရွက်လိုပါကြောင်းနှင့် ယခုခရီးစဉ်အတွက် ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

 

ယခုကဲ့သို့ ဧရာဝတီစင်တာ အချိန်တိုအတွင်း အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခြင်းကလည်း အားလုံး၏ စည်းလုံးမှုကြောင့်သာဖြစ်ကြောင်း၊ လူသားအကျိုးပြုလုပ်ငန်းများကို Private Sector များ၊ Local NGO များနှင့် အစိုးရတို့ ပူးပေါင်းဆောင်ရွက်နိုင်ပါက ပိုမိုကောင်းမွန်နိုင်ပါကြောင်းနှင့် PPP Platform တစ်ခုတည်ဆောက် သင့်ကြောင်း၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က အကြံပြုပြောကြားခဲ့ပြီး၊ UNOPS မှလည်း Coordination Network  များကို ဆက်လက်တိုးချဲ့တည်ဆောက်ပြီး ဝိုင်းဝန်းဆောင်ရွက်ကြရန် ပြောကြားခဲ့သည်။

 

မိမိတို့ ဧရာဝတီဖောင်ဒေးရှင်းအနေဖြင့် ထိုကဲ့သို့ အများနှင့် ပူးပေါင်းဆောင်ရွက်နိုင်ဖို့အတွက် အစဉ်အမြဲ ကြိုးပမ်းလျက်ရှိပါကြောင်း၊ ယခုကဲ့သို့ ဧရာဝတီစင်တာသို့ လာရောက်၍ အကြံကောင်းဉာဏ်ကောင်းများ ပေးပါသော UNOPS၊ WHO နှင့် ICRC တို့ကို အထူးကျေးဇူးတင်ရှိပါကြောင်း  ဦးဇော်ဇော်က ပြန်လည်ဆွေးနွေး ပြောကြားခဲ့သည်။

 

ဧရာဝတီဖောင်ဒေးရှင်းသည် အမျိုးသားဘောလုံးအကယ်ဒမီ လေ့ကျင့်ရေးကွင်းနှစ်ကွင်း၊ သုဝဏ္ဏဘောလုံးကွင်း အထူးတန်းလှေကားအနီးနှင့် သုဝဏ္ဏဘောလုံးကွင်းရှိ လက်ရွေးစင်ကစားသမား နားနေဆောင်တို့ကို ကိုဗစ်-၁၉ ရောဂါလူနာများထားရှိရန် ဧရာဝတီစင်တာ (A)၊ (B)၊ (C) အဖြစ် တည်ဆောက်ဆောင်ရွက်ပေးလျက်ရှိသည်။ 

 

ဧရာဝတီစင်တာများတွင် ကျန်းမာရေးစောင့်ရှောက်မှုများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဝန်ထမ်းများနှင့် စေတနာ့ဝန်ထမ်းများ၏ နေထိုင်စားသောက်မှုများ၊  ကိုဗစ်-၁၉ ရောဂါလူနာများ၏ နေ့စဉ်အစားအသောက်များကို ဧရာဝတီဖောင်ဒေးရှင်းက တာဝန်ယူဆောင်ရွက်လျက်ရှိသည်။

 

သတင်း-ရဲရင့်ရှိုင်း
ဓာတ်ပုံ-ကိုမိုး