နေပြည်တော်  ၆  အောက်တိုဘာ

 

၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံပြင်ပသို့ ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများသည် ယနေ့တွင် မြန်မာသံရုံး(၇)ရုံး၌ ဆက်လက်ဆန္ဒမဲပေးခဲ့ကြရာ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၇၇၃)ဉီး၊ အီဂျစ်နိုင်ငံ၊ ကိုင်ရိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၂၀)၊ နီပေါနိုင်ငံ၊ ကတ္တမန္ဒူးမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၇)ဉီး၊ စင်ကာပူနိုင်ငံ၊ စင်ကာပူမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၁၇၀၀)ကျော်ခန့်၊ အစ္စရေးနိုင်ငံ၊ တဲလ်အဗီးမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင်(၂)ဉီး၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆိုးလ်မြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၆၉)ဉီးနှင့် ဂျပန်နိုင်ငံ၊  တိုကျိုမြို့ရှိ မြန်မာသံရုံး၌ မဲဆန္ဒရှင် (၄၁၈) ဉီးတို့ ကြိုတင်ဆန္ဒမဲပေးခဲ့ကြ ကြောင်းသိရသည်။

 

မြန်မာသံရုံးများ၌ ကြိုတင်ဆန္ဒမဲလာရောက်ပေးသူများအား သက်ဆိုင်ရာ  ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး နှင့်စပ်လျဉ်း၍ ချမှတ်ထားသော စည်းကမ်းများနှင့်အညီဖြစ်စေရေး မဲရုံအတွင်းသို့မဝင်မီ ကိုယ်အပူချိန်တိုင်းတာခြင်း၊ လက်သန့်ဆေးရည်များဖြင့် စနစ်တကျလက်သန့်စေခြင်း၊ တစ်ခါသုံးလက်အိပ်နှင့် နှာခေါင်းစည်းများ ပံ့ပို့ပေးခြင်း တို့ကို စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး မဲဆန္ဒရှင်များကလည်း မြန်မာသံရုံးမှ စီစဉ်ဆောင်ရွက်ထားရှိ သည့်အတိုင်း လိုက်နာကာ စနစ်တကျဆန္ဒမဲများ ပေးခဲ့ကြသည်။

 

ယနေ့တွင် နီပေါနိုင်ငံ၌ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးမှု ပြီးဆုံးသဖြင့် စုစုပေါင်း (၇) နိုင်ငံတွင် ပြည်ပရောက် မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးမှု ပြီးဆုံးခဲ့ကြောင်း သိရသည်။

 

ပြည်ပနိုင်ငံများသို့ ရောက်ရှိနေသော မြန်မာနိုင်ငံသားများ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် မြန်မာသံရုံး၊ အဖွဲ့ရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးများ၌ စီစဉ်ထားရှိသည့် နေ့ရက်များတွင် ကြိုတင်ဆန္ဒမဲပေးခြင်းများကို ပြုလုပ်လျက်ရှိရာ အောက်တိုဘာ ၇ ရက်တွင် ဘရာဇီးလ်နိုင်ငံ၊ ဘရာဇီးလျားမြို့ မြန်မာသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ နန်နင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တို့တွင်လည်းကောင်း၊ အောက်တိုဘာ ၈ ရက်တွင် အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ မြန်မာသံရုံးနှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကူမင်းမြို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး တို့တွင်လည်းကောင်း ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

 

သတင်းစဉ်