ရန်ကုန် ၆ အောက်တိုဘာ
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအတွက် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ မြို့နယ်အတွင်းရှိ Quarantine Center များတွင် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို အောက်တိုဘာ ၅ ရက် နံနက် ၁၀ နာရီက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့လှူဒါန်းရာတွင် ဒေါ်ခင်ကြည်ဖောင်ဒေးရှင်းမှ သန်လျင်မြို့နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီသို့ Quarantine Center များတွင် အသုံးပြုနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်ရေး အထောက်အကူပြုပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများဖြစ်သော မြက်ဖျာ၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ စောင်၊ ခြင်ထောင်၊ ဂွမ်းကပ် ၁၀ဝ စုံ၊ သွားတိုက်ဆေး၊ သွားပွတ်တံ၊ ဆပ်ပြာတုံး (၃)မျိုးတွဲ ၁၀ဝ စုံ၊ ရေချိုးခွက်၊ သောက်ရေခွက်၊ ဆပ်ပြာခွက် ၁၀ဝ စုံ၊ Surgical Gown ၅၀ ထည်၊ Face Shield ၁၅၀ ခု၊ Surgical Mask ၁၀ဝ၀ ခု၊ လက်အိတ် (၁၀ဝ) ပါ ၃ ဘူး၊ ရေမလိုလက်သန့်ဆေးရည် (၅၀ဝ)မီလီ ၅ ဘူး၊ လက်ဆေးဆပ်ပြာရည် (၅၀ဝ) မီလီ ၁၀ ဘူး၊ အရက်ပျံ (၅၀ဝ)မီလီ ၅ ဘူး အပါအဝင် စုစုပေါင်း တန်ဖိုးငွေကျပ် ၁၄၇၇၉၀ဝ ရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
သန်လျင်မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများနှင့် ထိတွေ့ခဲ့သူများနှင့် အနံပျောက်သူများအား စောင့်ကြည့်စင်တာအဖြစ် နည်းပညာတက္ကသိုလ် (သန်လျင်)၊ အ.ထ.က (၄)၊ အ.ထ.က (၂)၊ သူနာပြုသင်တန်းကျောင်း (သန်လျင်)နှင့် မဟာအတုလသဒ္ဓမ္မရံသီ သာသနာ့ဗိမာန်တော်ကြီးတို့တွင်ထားရှိပြီး စောင့်ကြည့်စင်တာများတွင် နေထိုင်သူများအတွက် ကျန်းမာရေး၊ စားသောက်နေထိုင်ရေးတို့အား သန်လျင်မြို့နယ် လွှတ်တော်ကိုယ်စားများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် အထောက်အကူပြုအဖွဲ့များ၊ အလှူရှင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ပရဟိတ အဖွဲ့များနှင့် ပြည်သူများ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သက်ခိုင် (သန်လျင်)


