မိုင်းရယ်   ၆  အောက်တိုဘာ  

 

မိုင်းရယ်မြို့နယ် နားလီကျေးရွာအနီးရှိ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းပေါ်ရှိသည့် လမ်းပိုင်းတွင်  မိုးရွာသွန်သွန်းမှုကြောင့် ယနေ့ မွန်းလွဲ ၂ နာရီခန့်က တွဲကားတစ်စီး လမ်းချော်ပြီး လမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

အဆိုပါ နားလီကျေးရွာအနီးရှိ မိုင်းရယ်-ကျေးသီးကားလမ်း မိုင်တိုင် (၅၀/၁)နှင့် (၅၀/၂)ကြားရှိ နမ့်ကျိချောင်းပေါ် တွင်ရှိသည့် လမ်းပိုင်းအား လမ်းအထူးအဖွဲ့(၆)မှ လမ်းမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ မိုးရွာသွွန်းမှု များကြောင့် ယနေ့ မွန်းလွဲပိုင်းတွင် တွဲကားတစ်စီးလမ်းချော်မှုဖြစ်ပွားခဲ့ပြီး လမ်းယာယီပိတ်မှုဖြစ်ပွားခဲ့သဖြင့်  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် လမ်းအထူးအဖွဲ့(၆)မှ တာဝန်ရှိသူများက လမ်းရှင်းလင်းခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယာဉ်အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်ရေးအတွက် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါ လမ်းပိုင်းအား မိုင်းရယ်မြို့နယ်သို့ ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ၂၄ ရက်က ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာလင်းထွဋ် လာရောက်သည့်ခရီးစဉ်တွင် သွားရောက်ကြည့်ရှုခဲ့ပြီး လမ်းအထူးအဖွဲ့(၆)မှ တာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ယင်းလမ်းပိုင်းအား ပြင်ဆင်ဆောင်ရွက်နိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။

 

(မြို့နယ် ပြန်/ဆက်)