မိုးနဲ ၇ အောက်တိုဘာ
ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင် မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းကော်မတီနှင့် ရွှေပိုး (GROUP)တို့ ပူးပေါင်းကာ ဆွမ်း၊ ကွမ်းအခက်အခဲရှိသော ဘုန်းတော်ကြီးကျောင်း သုံးကျောင်းသို့ ယနေ့နံနက်ပိုင်းက ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် လှူဖွယ်ပစ္စည်းများကို ဘုန်းတော်ကြီးကျောင်းများအရောက် ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်လှူဒါန်းရာတွင် စိန်တောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တသုန္ဒရ၊ ရွှေပိုး (GROUP) မှ ဦးစိုင်းပင်ဖနှင့် အဖွဲ့ဝင်များက လွိုင်မြေရပ်ကွက်၊ ချမ်းသာကြီးကျောင်းတိုက်သို့ ဆွမ်းဆန်တော် ၄ အိတ် နှင့် ဆွမ်းဟင်းလျာအတွက် လှူဖွယ်ပစ္စည်း ၆ မျိုးကို ဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင် ဆရာတော် ဘဒ္ဒန္တဂန္ဓစာရ က လည်းကောင်း၊ ဝမ်ကျိုင်းကျေးရွာ နားလင်းဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော်တစ်အိတ်နှင့် ဆွမ်းဟင်းလျာအတွက် လှူဖွယ်ပစ္စည်း ၂၅ မျိုးကိုဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တပညာဒီပ က လည်းကောင်း၊ ဝမ်ယေးကျေးရွာ စက်တော် ဘုန်းတော်ကြီးကျောင်းသို့ ဆွမ်းဆန်တော် တစ်အိတ်နှင့် ဆွမ်းဟင်းလျာအတွက် လှူဖွယ်ပစ္စည်း ၁၉ မျိုးကို ဆက်ကပ်လှူဒါန်းရာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တဉာဏောဘာသ ကလည်းကောင်း အသီးသီး လက်ခံခဲ့ကြကြောင်း သိရသည်။
မိုးနဲမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီနှင့် ရွှေပိုး (GROUP)တို့ ပူးပေါင်းမှုဖြင့် ဆွမ်း၊ ကွမ်း ခက်ခဲသော ဘုန်းတောင်ကြီးများသို့ ဆွမ်းဆန်တော်နှင့် ဆွမ်းဟင်းလျာများ လှူဒါန်းပေးလျက်ရှိရာ အလှူရှင်များအနေဖြင့် သဒ္ဓါတရားနည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်းလည်း သိရသည်။
မျိုးညွန့်ရွှေ


