မလှိုင် ၇ အောက်တိုဘာ

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်းမှ ကြက်သွန်စိုက် တောင်သူများသည် ကြက်သွန်ကို ပျိုးထောင်စိုက်ပျိုးခြင်းနှင့်အတူ ရေလောင်း/ရေသွင်း သက်သာသည့် ဇော်မွှား(ခေါ်) ကြက်သွန်ဥ စိုက်ပျိုးခြင်းကို ကျယ်ကျယ်ပြန့်ပြန့် တွဲဖက်စိုက်ပျိုးလာကြကြောင်း သိရသည်။

 

ဇော်မွှား(ခေါ်) ကြက်သွန်ဥ စိုက်ပျိုးခြင်းနှင့်ပတ်သက်၍ ‘‘မိုးဦး၊ မိုးလယ်ကာလများတွင် စိုက်ပျိုးရကြောင်း၊ မစိုက်ပျိုးမီ ကြက်သွန်စိုက်မည့် ယာခင်းတွင် နွားချေး မြေဩဇာများထည့်ပြီး ထယ်ရေး ညက်ညက်ရအောင် ထွန်ယက်ရကြောင်း၊ ထွန်ယက်ပြီးမြေကို ကြက်သွန်စိုက်ရန် အလျားလေးတောင် အနံ သုံးတောင်ခန့်ရှိ ကျင်းများ ခတ်ရကြောင်း၊ အဆိုပါကျင်းတွင် မြောင်းခြစ်ကာ ဇော်မွှား (ခေါ်) ကြက်သွန်ဥကို စိုက်ပျိုးရ ကြောင်း၊ စိုက်ပြီးကြက်သွန်ခင်းကို အပင်ရှင်သန်သည်ထိ ရေးလောင်းပေးရကြောင်း’’ ကူကြီးကျေးရွာမှ  တောင်သူ  ဦးကျော်ဆန်းက ရှင်းပြပေးသည်။

 

မိုးကြက်သွန်သည် မိုးရွာသွန်းမှု အခြေအနေနှင့် အပင်အနေအထားကို ကြည့်၍ ထပ်ဆောင်းရေသွင်း ပေးရပြီး ရေသွင်းများလျှင် အပင်ဖြစ်ထွန်းမှု‌အားကောင်းပြီး ဥမချနိုင်သဖြင့် အပင်အနေအထား ရေငတ်ချိန် ကျမှာသာ ရေသွင်းပေးရသည်။ ကြက်သွန်ဥ စိုက်သည့် သက်တမ်းတို၍ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် နှိုင်းယှဉ် ကြည့်လျှင် ရေလောင်း /ရေသွင်း သက်သာသဖြင့် တောင်သူများ  ဇော်မွှား(ခေါ်)  ကြက်သွန်ဥစိုက်ပျိုးခြင်း ကို ကျယ်ကျယ်ပြန့်ပြန့် တွဲဖက်စိုက်ပျိုးလာကြကြောင်း သိရသည်။  

အောင်ဌေး(မလှိုင်)