ဘုတလင် ၇ အောက်တိုဘာ
စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ ညောင်ကန်ကျေးရွာရှိ ကန်သာကြီးကန်ကို တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် ပြန်လည်တူးဖော်လျက်ရှိရာ ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီ ဖြစ်ကြောင်း မုံရွာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး(မြို့ပြ) ဦးအောင်ဖြိုးသူထံမှ သိရသည်။
ကန်သာကြီးကန်သည် ၆ ဧက ကျယ်ဝန်းပြီး အနက် ၄ ပေရှိရာ ကန်အနက်ကို ၇ ပေအထိ ထပ်မံတူးဖော် လျက်ရှိသဖြင့် ရေသိုလှောင်မှုပမာဏ များလာကြောင်း၊ ကန်တူးဖော်ခြင်းလုပ်ငန်းမှာ မြေကြီးကျင်းပေါင်း ၇၁၄၀ နှင့် ရေပေးမြောင်း တူးဖော်ခြင်းလုပ်ငန်းမှာ မြေကြီးကျင်းပေါင်း ၁၀၇၉ ကျင်း ရှိကြောင်း မုံရွာခရိုင် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယဦးစီးမှူး(မြို့ပြ) ဦးအောင်ဖြိုးသူက ပြောသည်။
ကန်သာကြီးကန်နှင့် ရေပေးမြောင်း ပြန်လည်တူးဖော်ခြင်းလုပ်ငန်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ခွင့်ပြုရန်ပုံငွေ ၂၃ ဒသမ ၇ သန်းဖြင့် ရွှေသိန်းကုမ္ပဏီက တာဝန်ယူဆောင်ရွက်လျက်ရှိပြီး ရေဘုတလင် မြစ်ရေတင်လုပ်ငန်းမှ ပေးပို့သည့် ချင်းတွင်းမြစ်ရေကို ကန်သာကြီးကန်အတွင်း ထည့်သွင်းသိုလှောင်အသုံး ပြုမည်ဖြစ်ကြောင်း သိရသည်။
ဖိုးခါး(ပြန်/ဆက်)


