မြိတ် ၇ အောက်တိုဘာ
ကွမ်းစိုက်တောင်သူများ ကြုံတွေနေရသော ကွမ်းသီးပင်မှ ကွမ်းခိုင်ပုပ်၍ ကွမ်းသီးကြွေသည့် ရောဂါကို မှိုပိုးသတ်ဆေးဖြင့် ဖြေရှင်းကာကွယ်နိုင်ကြောင်း သိရသည်။
ကွမ်းသီးပင်ကို မြန်မာနိုင်ငံတွင် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ဧရာဝတီတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီးနှင့် တနင်္သာရီတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးသော်လည်း တောင်ငူကွမ်းသီးနှင့် မြိတ်ကွမ်းသီး တို့မှာ လူကြိုက်များ ထင်ရှားသည်။ မြိတ်ခရိုင်တွင် ကွမ်းသီးပင် စိုက်ပျိုးမှုမှာ တနင်္သာရီမြို့နယ်တွင် (၂၀၄၈၃) ဧက၊ ကျွန်းစုမြို့နယ်တွင် (၅၅၇၂) ဧက၊ မြိတ်မြို့နယ်တွင် (၄၅၂၃) ဧက၊ ပုလောမြို့နယ်တွင် (၁၁၀၉၀) ဧက၊ စုစုပေါင်း ကွမ်းသီးစိုက်ဧကပေါင်းမှာ (၄၁၆၆၈) ရှိပြီး၊ ကွမ်းသီးထွက်ရှိမှုမှာ (၁၂၆၄၉၁၁၃) ပိဿာခန့် ထွက်ရှိကြောင်း မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန၏ မှတ်တမ်းများအရ သိရသည်။
ကွမ်းသီးတစ်ပိဿာ ဈေးနှုန်းမှာ ပုံမှန်ငွေကျပ် (၃၆၀၀) ဝန်းကျင်ခန့်သာ ရှိသော်လည်း လွန်ခဲ့သည့် လေးနှစ်ခန့်က အိန္ဒိယနိုင်ငံ၏ ဝယ်လိုအားကြောင့် တစ်ပိဿာလျှင် ငွေကျပ်(၄၀၀၀)ဝန်းကျင်ခန့် အထိရရှိခဲ့ကြောင်း သိရသဖြင့် ရော်ဘာစိုက်ပျိုးသူများထက် ကွမ်းသီးစိုက်တောင်သူများ တွက်ခြေ ပိုမိုကိုက်ကြောင်း သိရသည်။
ထိုကြောင့် ကွမ်းသီးစိုက် တောင်သူများ ရေရှည်အထွက်နှုန်း တည်ငြိမ်ပြီး ကွမ်းသီးအထွက်နှုန်းကို ခြိမ်းခြောက်နေသော ကွမ်းခိုင်ပုပ်၍ ကွမ်းသီးနုကြွေသော ရောဂါကို ကာကွယ်နှိမ်နင်းရန် လိုသည်။ ၎င်းရောဂါမှာ မှိုကြောင့်ဖြစ်ပြီး အဆက်မပြတ် မိုးရွာကာ နေပူချိန်နည်းသည့် ရာသီများကြုံတွေ့ရသည့် နှစ်တွင် အဖြစ်များသည်။ ထို့အပြင် တောင်ခြေတွင် စိုက်ပျိုးထားသော တိုက်ရိုက်နေရောင်ခြည် မရသည့် တောကြီးများကို ခုတ်၍ စိုက်ပျိုးထားသော ကွမ်းခြံများတွင်အဖြစ်များကြောင်း သိရသည်။
ကွမ်းခြံများတွင် ကျရောက်သည့် မှိုရောဂါကြောင့်ဖြစ်သော ထိုရောဂါကို ကာကွယ်နှိမ်းနင်းရန် မှိုသတ်ဆေးများစွာ ရှိသော်လည်း ကွမ်းပင်များသည် ပေ (၄၀) ခန့်အထိ မြင့်မားတည်ရှိနေခြင်းကြောင့် မှိုသတ်ဆေးကို ထိရောက်စွာ ပက်ဖျန်းနှိမ်းနင်းရန် ခက်ခဲသဖြင့် မှိုရောဂါကို တိုက်ခိုက်သည့် အကျိုးပြု ထရိုင်ခိုဒါးမားမှို ထည့်သွင်းပေးခြင်းဖြင့် ထိရောက်စွာကာကွယ် ဟန့်တားနိုင်သည်။
ယင်းမှိုသည်လည်း ပင်းရင်းပုပ်ရောဂါ ဖြစ်စေသောမှို၊ ညှိုးသေရောဂါဖြစ်သောမှို၊ မြစ်ခြောက်ရောဂါ ဖြစ်စေသောမှို၊ ခါးရိရောဂါဖြစ်စေသောမှိုများကို တိုက်ခိုက်နိုင်စွမ်းရှိကြောင်း သိရသည်။
တောင်သူများအသုံးပြုရန် လွယ်ကူသည့်နည်းလမ်းမှာ မှိုမျိုးထုပ်တစ်လျှင် ကောက်ရိုး (သို့မဟုတ်) အုန်းဆံမွှေး (သို့မဟုတ်) ကွမ်းသီးခွံ (၁၅)ဆကို ရေဖျန်းရောနယ်၍ ၎င်းမှိုမျိုးနှင့် ရောထားသော ကောက်ရိုး (သို့မဟုတ်) အုန်းဆံ (သို့မဟုတ်) ကွမ်းသီးခွံကို ကွမ်းသီးချိတ်သည့် ချူးတံထိပ်တွင် ညှပ်ထည့်ပြီး ကွမ်းသီးပင်၏ ကွမ်းဖူးနှင့် ကွမ်းရွက်ကြားသို့ ထိုးတင်ညှပ်ထည့်ပေးရုံသာ ဖြစ်သည်။ ၎င်းကွမ်းဖူးများမှတစ်ဆင့် ကျရောက်နေသောမှိုများကို တိုက်ခိုက်ပေးခြင်းဖြင့် ရောဂါကျရောက်မှု ကင်းစင်ပြီး ကွမ်းသီးကြွေခြင်း၊ ကွမ်းခိုင်ပုပ်ခြင်းများကို ထိရောက်စွာ ကာကွယ်နှိမ်နင်း နိုင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ကွမ်းသီးခိုင်တွင် ကျရောက်သော မှိုရောဂါကာကွယ်သည့် အကျိုးပြု ထရိုင်ခိုဒါးမားမှို ထည့်သွင်းပါက သတိထားရန်မှာ ရောနယ်ပြီး ချက်ချင်းအသုံးပြုရန်နှင့် အခြားဓာတုဆေးများ၊ မှိုသတ်ဆေးများ၊ ရောစပ်မသုံးရန် အထူးသတိပြုရန်လိုသည်။ ထိုမှိုမျိုးကိုဝယ်ယူ အသုံးပြုလိုပါက သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှတစ်ဆင့် ရေဆင်းစိုက်ပျိုးရေး သုတေသနဌာနသို့ မှာယူ၍ လည်းကောင်း၊ ဓာတ်မြေသြဇာနှင့် ပိုးသတ်ဆေးအရောင်ဆိုင်များမှတစ်ဆင့် ထိုင်းနိုင်ငံမှထုတ်လုပ်သော မှိုမျိုးထုပ်များကိုမှာ ယူအသုံးပြုနိုင်ခြင်းဖြင့် အထွက်နှုန်းထိခိုက်၍ စီးပွားရေးပါကျဆင်းနိုင်သော ကွမ်းသီးကြွေသည့် ကွမ်းခိုင်ပုပ် ရောဂါကို ကာကွယ်နိုင်စေရန်အတွက် မြိတ်ခရိုင် စိုက်ပျိုးရေးဦးစီးဌာနမှ ခရိုင်ဉီးစီးမှူး ဦးဝင်းဇော် ၏ ပြောပြ၍ သိရသည်။
မြင့်ဦး(မြိတ်)


