ပုသိမ် ၇ အောက်တိုဘာ
ဧရာဝတီတိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ (၃၅/၂၀၂၀) ညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာလ ၆ ရက်နေ့နံနက်က တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ(၁)၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ကျင်းပရာ ဝန်ကြီးချုပ် ဦးလှမိုးအောင်က “တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ပူးပေါင်းပါဝင် ဆောင်ရွက်ကြသူများ၊ အလှူငွေနှင့် ပစ္စည်းအစရှိသည်တို့ကို တတ်အားသ၍ လှူဒါန်း ပေးကြသော စေတနာရှင် အလှူရှင်အားလုံးကို ကျေးဇူးတင်ရှိပါကြောင်းနှင့် မှတ်တမ်းတင်ထား ရှိပါကြောင်း၊ ယခုကဲ့သို့ တတ်ညီလက်ညီဖြင့် ဆက်လက် ပူးပေါင်းဆောင်ရွက်ပေးကြပါရန် တိုက်တွန်း အပ်ပါကြောင်း” စသည်ဖြင့် အမှာစကား ပြောကြားပြီးတာဝန်ရှိသူ အသီးသီးက ကဏ္ဍအလိုက် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ဝန်ကြီးချုပ်က မြို့နယ်(၂၆)မြို့နယ်ရှိ Quarantine Center များသို့ စားစရိတ်ထောက်ပံ့ငွေ ကျပ်သိန်းတစ်ထောင်ကို တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး ဦးသန်းဆွေးဝင်းသို့ လည်းကောင်း၊ မြို့နယ် (၂၆)မြို့ နယ်ရှိ ကုသရေးစင်တာ Second Hospital များ၏ ကျန်းမာရေးအသုံးအဆောင် ပစ္စည်းများအတွက် ထောက်ပံ့ ငွေကျပ်သိန်း (၅၅၉ ဒသမ ၅၂) အား တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းထွန်းအောင် သို့လည်းကောင်း ပေးအပ်သည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ လုပ်ငန်းများတွင် အသုံးပြုရန် တိုင်းဒေသကြီး ရသုံးမှန်းခြေငွေစာရင်းဦးစီးဌာန ဝန်ထမ်းများ၏ လှူဒါန်းငွေကျပ် တစ်သိန်းအား တိုင်းဒေသကြီး ညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်းက ပေးအပ်ရာ ဝန်ကြီးချုပ်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။
တိုင်းဒေသကြီး ကိုဗစ်-၁၉ ကော်မတီအနေဖြင့် ခရိုင်နှင့် မြို့နယ်များရှိ Quarantine Center များသို့ စားသောက်စရိတ်အဖြစ် ငွေကျပ် ၃၅၅ ဒသမ ၂၆၀ သန်း၊ Quarantine ဝင်ရောက်သူများ တစ်ကိုယ်ရေသုံးပစ္စည်းများ ဝယ်ယူရန် ငွေကျပ် ၃၁၆ ဒသမ ၉၁၀ သန်း၊ ပြည်တွင်း ပြည်ပမှ ပြန်လည် ဝင်ရောက်လာသူများ သယ်ယူပို့ဆောင်ခြင်းနှင့် အုပ်ချုပ်ထောက်ပံ့မှု ဆိုင်ရာများအတွက် ငွေကျပ် ၃၇၈ ဒသမ ၅၅၀ သန်း၊ နှင့် တိုင်းဒေသကြီး အတွင်းဝင်/ထွက် စစ်ဆေးရေးဂိတ်များ တည်ဆောက်ခြင်းနှင့် လုံခြုံရေးစနစ်များ ဆောင်ရွက်ခြင်းအတွက် ငွေကျပ် ၃၅၅ ဒသမ ၀၅၅ သန်း စုစုပေါင်း ငွေကျပ် ၁၄၀၅ ဒသမ ၇၇၅ သန်း အား ကဏ္ဍအလိုက် လိုအပ်ချက်များအတွက် ဖြည့်ဆည်းထောက်ပံ့ပေး နိုင်ခဲ့ကြောင်း သိရသည်။
ကိုတွတ်(ပြန်/ဆက်)


