ကော့ကရိတ် ၇ အောက်တိုဘာ
ကရင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ကော့ကရိတ်မြို့နယ်အတွင်း ကျေးရွာများမီးလင်းရေးအတွက် ဆောင်ရွက် လျက်ရှိရာ ရေကျော်ကြီး၊ နောင်နှိုင်း၊ နောင်တလာ၊ ကော့ဖောင်း၊ ဝင်းပုတ်၊ တံတားကျိုး ကျေးရွာ (၆)ရွာတို့အား ယမန်နေ့က နိုင်ငံတော်မှ ဓာတ်အားဖြန့်ဖြူးပေးခြင်း ဖွင့်ပွဲကို အဆိုပါ ကျေးရွာ (၆)ရွာတွင် ကျင်းပခဲ့သည်။
ထိုသို့ ကျေးရွာ(၆)ရွာ မီးလင်းရေးအတွက် ကရင်ပြည်နယ်အစိုးရရန်ပုံငွေဖြင့် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၁၀၀ ကေဗွီအေထရန်စဖော်မာ တစ်လုံးစီ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် စုစုပေါင်းကုန်ကျငွေ ကျပ် (၂၉၅ ဒသမ ၃၆၃) သန်းဖြစ်ပြီး လျှပ်စစ်မီးရရှိသည့် ကျေးရွာများမှ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးများ၊ ဖွံ့ဖြိုးတိုးတက်သည့်အကျိုးကျေးဇူးများရရှိနေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ကျေးရွာ(၆)ရွာ မီးလင်းခြင်း ဖွင့်ပွဲအခမ်းအနားတွင် ကရင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ ကရင်ပြည်နယ်လျှပ်စစ်နှင့် စက်မှုဝန်ကြီး ဦးစိုးလှိုင်၊ ကရင်ပြည်နယ် လူဝင်မှုကြီးကြပ်ရေး နှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဦးမင်းကိုခိုင်၊ ကော့ကရိတ်ခရိုင် အုပ်ချုပ်ရေးမှူး ဦးနေထွန်းအောင်၊ ကော့ကရိတ်ခရိုင် လျှပ်စစ်အင်ဂျင်နီယာမှူး ဦးတင်မျိုးသန့်၊ ကော့ကရိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းနု တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ကျေးရွာ(၆)ရွာမှ မီးလင်းရေးကော်မတီ ဥက္ကဋ္ဌတို့က ကျေးဇူးတင်စကား များ ပြန်လည်ပြောကြားခဲ့ပြီး အထိမ်းအမှတ် လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဇင်မာအေး(ခရိုင် ပြန်/ဆက်)


