မံစီ ၇ အောက်တိုဘာ
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မံစီမြို့နယ် မံဝိန်းကြီးကျေးရွာ ရပ်ကွက် (၄)တွင် နေထိုင်သည့် အလှူရှင် ဒေါ်ရွယ်တောင်မိသားစုမှ ကျေးရွာအတွင်း၌ ကိုဗစ်-၁၉ ကာလ စားနပ်ရိက္ခာများ လှူန်ဒါန်းပေးအပ်လျက် ရှိကြောင်း သိရသည်။
အောက်တိုဘာ ၆ ရက် နံနက် ၈ နာရီက ကျေးရွာအတွင်းရှိ အသက် (၇၀)နှစ် အထက်ရှိ သက်ကြီး ဘိုးဘွားများနေထိုင်သည့် အိမ်ထောင်စုများတွက် အိမ်ထောင်စုတစ်စုလျှင် ဆန် ၅ ပြည်၊ ဆီ ၁ ပိဿာ၊ ဆား ၁ ပိဿာနှုန်းဖြင့် လှည့်လည်လှူဒါန်းပေးအပ်ခဲ့ရာ အိမ်ထောင်စု(၄၀၃)စု ကို လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။
အလားတူ စားနပ်ရိက္ခာလှူဒါန်းမှုကို ကျေးရွာအတွင်းရှိ တိုက်ပွဲရှောင်နေရပ်စွန့်ခွာ ပြည်သူများကိုလည်း အလှူရှင်မိသားစုမှ လှူဒါန်းမှုများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂ ရက်က ရပ်ကွက်(၇) အတွင်းရှိ တိုက်ပွဲရှောင်စခန်းမှ အိပ်ထောင်စု (၃၁၀)စု ကိုလည်းကောင်း၊ အောက်တိုဘာ ၃ ရက်က ရပ်ကွက် (၁) အတွင်းရှိ ကက်သလစ်သာသနာ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု (၆၀၀)ကိုလည်းကောင်း၊ အောက်တိုဘာ ၅ ရက်က နှစ်ခြင်းသာသနာ တိုက်ပွဲရှောင်စခန်းမှ အိမ်ထောင်စု(၂၈၇)စု ကိုလည်းကောင်း ပေးအပ်လှူဒါန်း ခဲ့ကြောင်း သိရသည်။
ကိုဗစ်-၁၉ ကာလအတွင်း စီးပွားရေးများခက်ခဲမှုများရှိကြမည်ဖြစ်သည့်အတွက် တိုက်ပွဲ ရှောင်နေရပ်စွန့်ခွာ ပြည်သူများနှင့် ကျေးရွာအတွင်းမှ အခက်အခဲရှိသည့် အိပ်ထောင်များကို အလှူရှင်မိသားစုမှ စားနပ်ရိက္ခာ ထောက်ပံ့မှုအဖြစ် တတ်စွမ်းသမျှကူညီလှူဒါန်းခြင်းဖြစ်ပြီး အိမ်ထောင်စုပေါင်း (၁၆၀၀) ကို လှူဒါန်း ပေးအပ်ခဲ့ကြောင်း သိရသည်။
ရိန် (ပြန်/ဆက်)


