ပွင့်ဖြူ ၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် သရက်တောကျေးရွာ၊ ဗောတိကုန်းကျေးရွာ၊ ပင်းတုံးကြီး ကျေးရွာနှင့် ယောစုကျေးရွာရှိ ကျောင်းနေအရွယ်ကလေးများ စိတ်အေးချမ်းသာစွာ ပညာသင်ကြား နိုင်ရေးအတွက် ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော်ဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် တင်ဒါအောင်မြင်သည့် အောင်ကိုလတ် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ပြီးစီးသည့် စာသင်ကျောင်းဆောင်များအား အောက်တိုဘာ ၆ ရက် မွန်းလွဲ ၂ နာရီက လွှတ်တော်ကိုယ်စားလှယ် များနှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီမှ တာဝန်ရှိသူများက သတ်မှတ်စံချိန် စံညွှန်းများနှင့်အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးရာတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်း၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းသိန်းအောင်နှင့် ကော်မတီအဖွဲ့ဝင်များက ၂၀၁၈ - ၂၀၁၉ ဘဏ္ဍာနှစ် ပြည်ထောင်စုလွှတ်တော် ဖွံ့ဖြိုးရေးရန်ပုံငွေကျပ် ၄၇ ဒသမ ၄၅၂၅ သန်းဖြင့် ပွင့်ဖြူမြို့နယ် သရက်တော ကျေးရွာ(အ.ထ.က-ခွဲ)တွင် အလျား ပေ ၉၀၊ အနံ ပေ ၃၀ သွပ်မိုး ၊ အုတ်ညှပ် တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၆၃၅ သန်းဖြင့် ဗောတိကုန်းကျေးရွာ(အ.မ.က)ကျောင်းတွင် အလျားပေ ၆၀၊ အနံပေ ၃၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု၊ ခွင့်ပြုရန်ပုံ ငွေကျပ် ၃၁ ဒသမ ၆၃၅ သန်းဖြင့် ပင်တုံးကြီးကျေးရွာ(အ.မ.က)ကျောင်းတွင် အလျားပေ ၆၀၊ အနံပေ ၃၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု၊ ခွင့်ပြုရန်ပုံငွေကျပ် ၃၁ ဒသမ ၆၃၅ သန်း ဖြင့် ယောစုကျေးရွာ(အ.မ.က)ကျောင်းတွင် အလျားပေ ၆၀၊ အနံပေ ၃၀ သွပ်မိုး၊ အုတ်ညှပ်တစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပြီးစီးမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တင်ဒါအောင်မြင်သည့် ကုမ္ပဏီ မှ တာဝန်ရှိသူများက တည်ဆောက်ပြီးစီးသည့် စာသင်ကျောင်းဆောင်များနှင့် ပတ်သက်ပြီး ဆောင်ရွက်ထား ရှိမှုများကို ကဏ္ဍအလိုက် ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် လွှတ်တော်ကိုယ်စားလှယ်များနှင့် ကော်မတီအဖွဲ့ဝင်များက တင်ဒါပါစည်းကမ်းချက်များနှင့် အညီ လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ/မရှိ တိုင်းတာစစ်ဆေးခဲ့ကြပြီး ကျေးရွာကျောင်း အကျိုးတော်ဆောင် အဖွဲ့ဝင်များနှင့် တွေ့ဆုံကာ ဆောက်လုပ်ပြီးစီးသည့် စာသင်ကျောင်း ဆောင်များအား ရေရှည်တည်တံ့စေရေး ဝိုင်းဝန်း ထိန်းသိမ်းစောင့်ရှောက်ကြရန် ဆွေးနွေးမှာကြား ခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင်(ပြန်/ဆက်)


