ခေါင်လန်ဖူး ၇ အောက်တိုဘာ
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့နယ်အတွင်းရှိ ကျေးရွာများတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ RWS-MIS စနစ်ဖြင့် ကျေးလက်သောက်သုံးရေ ရရှိရေး ရေသုံးစွဲမှု အခြေအနေများကို ၂၀၁၉ ခုနှစ် ဒီဇင်ဘာလမှ စစ်တမ်းကောက်ယူလျက်ရှိသည်။
အဆိုပါစစ်တမ်းကောက်ယူခြင်းလုပ်ငန်းကို ခေါင်လန်ဖူးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ကနဦးအနေဖြင့် မြို့နယ်အတွင်းရှိ ကျေးရွာများမှ ကျေးရွာ ၅၀ အား စာရင်း ကောက်ယူ သွားမည်ဖြစ်ကြောင်း၊ ယခုအခါ ကျေးရွာ ၄၀ တွင် ကောက်ယူပြီးဖြစ်ကြောင်း၊ စစ်တမ်းကောက်ယူပြီး သည့် ကျေးရွာအချက်အလက်များအား website ပေါ်တွင် လွှင့်တင်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း ၊ မြို့နယ်အတွင်းရှိကျန်ရှိသော ကျေးရွာများအား ဆက်လက် ကောက်ယူသွားမည်ဖြစ်ကြောင်း ၊ ယခုကဲ့သို့ ကျေးလက်သောက်သုံးရေရရှိရေး ရေသုံးစွဲမှုအခြေအနေကောက်ယူခြင်းဖြင့် ကျေးလက်နေပြည်သူများ သန့်ရှင်း၍ ဘေးကင်းသော သောက်သုံးရေ လုံလောက်မျှတစွာရရှိနိုင်ရေးနှင့် ဌာနအနေဖြင့်လည်း မြို့နယ်အတွင်းရှိ ကျေးရွာများအတွက် ကျေးလက်ရေရရှိရေးလုပ်ငန်းများ လျာထားဆောင်ရွက်ရာတွင် လိုအပ်သည့် အချက်အလက်များအား website မှတဆင့် internet ရှိရုံဖြင့် အလွယ်တကူ ဝင်ရောက်ကြည့်ရှုနိုင်ပြီး လိုအပ်သည့်အချက်အလက်များရယူနိုင်ကာ မြေပြင်ကွင်းဆင်းတိုင်းတာရန် လိုအပ်တော့မည် မဟုတ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးညီညီထံမှ သိရသည်။
ငြိမ်းအိအိဖြိုး(ပြန်/ဆက်)


