ကျောက်ပန်းတောင်း  ၇  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူးရုံးမှ ဝန်ထမ်းများနှင့် မြို့နယ်ပညာရေးမိသားစုတို့ စုပေါင်း၍ ကျောက်ပန်းတောင်းမြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် စုစုပေါင်းငွေကျပ် ၂၅၆၀၀၀၀ တန်ဖိုးရှိ ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများကို ဒုတိယအကြိမ်အဖြစ် ယနေ့ နံနက် ၁၀ နာရီက မြို့နယ်ပြည်သူ့ဆေးရုံသို့ သွားရောက်လှူဒါန်းခဲ့ကြသည်။

 

ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမှူး ဒေါ်တင်တင်အေးနှင့် ပညာရေးဝန်ထမ်း မိသားစုများစုပေါင်း၍ PPE ဝတ်စုံ အစုံ ၁၀၀ နှင့် ခေါင်းစွပ် ၂၀၀  တို့ကို ဒုတိယအကြိမ်မြောက်အဖြစ် သွားရောက်လှူဒါန်းကြရာ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသက်ဦးက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားကာ ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။ ကျောက်ပန်းတောင်းမြို့နယ် ပညာရေးမိသားစုအနေဖြင့် ၂၀၂၀ ပြည့်နှစ် မတ် ၃၁ ရက် ကလည်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကိုဗစ်-၁၉ ကာကွယ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန်တွက် ငွေကျပ် ၂၆၅၀၀၀၀ ကို ပထမအကြိမ်အဖြစ် လှူဒါန်းခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

နေအောင်(ပြန်/ဆက်)