လားရှိုး ၇  အောက်တိုဘာ

တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူများသည် ရှမ်းပြည်နယ်(မြောက်ပိုင်း) ရှိ မူဆယ်မြို့၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မြို့နှင့် ချင်းရွှေဟော်မြို့များရှိ  နှစ်နိုင်ငံနယ်စပ် ဂိတ်များမှတစ်ဆင့် နေ့စဉ်ဝင်ရောက်လျက်ရှိရာ နေရပ်ပြန်ပြည်သူများအား လားရှိုးမြို့မှတစ်ဆင့် မီးရထားခရီးစဉ် ဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မေ ၆ ရက်မှစတင်ပြီး စနစ်တကျ လွှဲပြောင်းပို့ဆောင် ပေးလျက်ရှိသည်။ 

ထိုသို့ လွှဲပြောင်းပို့ဆောင်ပေးလျက်ရှိရာ ယနေ့တွင် နေရပ်ပြန်ပြည်သူ အမျိုးသား  ၂၁ ဦး၊ အမျိုးသမီး ၄ ဦး စုစုပေါင်း ၂၅ ဦးတို့အား ထပ်မံလွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့သည်။ အဆိုပါ နေရပ်ပြန်ပြည်သူ ၂၅ ဦးတွင် ကချင်ပြည်နယ်မှ ၁ ဦး၊ စစ်ကိုင်းတိုင်းဒေသကြီးမှ ၃ ဦး၊ ပဲခူးတိုင်းဒေသကြီးမှ ၁ ဦး၊ မကွေးတိုင်းဒေသကြီးမှ ၃ ဦး၊ မန္တလေးတိုင်းဒေသကြီးမှ ၅ ဦး ၊  ရခိုင်ပြည်နယ်မှ ၁၁ ဦး ၊ ရန်ကုန်တိုင်းဒေသကြီးမှ ၁ ဦးတို့ဖြစ်သည်။ 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် နှစ်နိုင်ငံ နယ်စပ်ဂိတ်များမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသည့် နေရပ်ပြည်သူများအား စနစ်တကျစိစစ်၍ သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးသို့ မြန်မာ့မီးရထားခရီးစဉ်ဖြင့် ပို့ဆောင်ပေးလျက်ရှိရာ မေ ၆ ရက်နေ့မှ  အောက်တိုဘာ ၇ ရက်နေ့အထိ နေရပ်ပြန်ပြည်သူ အမျိုးသား ၁၀၆၃၈ ဦး၊ အမျိုးသမီး ၆၅၈၈ ဦး စုစုပေါင်း ၁၇၂၂၆ ဦးတို့ကို စနစ်တကျ လွှဲပြောင်းပို့ဆောင်ပေးနိုင်ခဲ့ကြောင်း သိရသည်။

နန်းသန္တာဦး(ပြန်/ဆက်)