ဆိပ်ဖြူ ၇ အောက်တိုဘာ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် မီးသတ်တပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဧရာဝတီမြစ်ရေတက်နေ သည့်အတွက် ရေကင်းလှည့်စစ်ဆေးခြင်းနှင့် မြစ်ကမ်းနံဘေးကျေးရွာများနှင့် မြစ်အလယ်ကျွန်းအတွင်း စိုက်ပျိုးလုပ်ကိုင်နေထိုင်သူများအား ရေဘေးအန္တရာယ် အသိပညာပေးဆောင်ရွက်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်မီးသတ်တပ်ဖွဲ့ပိုင် ရှာဖွေကယ်ဆယ်ရေးရေယာဉ်ဖြင့် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ဆိပ်ဖြူမြို့နယ်တွင် ယခုအခါ ဧရာဝတီမြစ်ရေတက်ရောက်သည့် ကာလဖြစ်သည့်အတွက် မြစ်ကြောင်းအတွင်း သွားလာသည့်ရေယာဉ်များ အန္တရာယ်ကင်းရှင်းစေရေးနှင့် မြစ်ရေကြီးခြင်းကြောင့် ဒေသခံပြည်သူအများ ရေဘေးအန္တရာယ် ကင်းရှင်းစေရန်၊ ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး ဆောင်ရွက်နိုင်စေရန်နှင့် အရေးပေါ် အခြေအနေဖြစ်ပေါ်လာပါက လိုအပ်သော ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်စေရန် အတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ ဦးစီးအရာရှိ ဦးအောင်ဇော်လင်း ဦးဆောင်၍ ဆိပ်ဖြူမီးသတ်တပ်ဖွဲ့ စခန်းမှူး ဦးဖြိုးဝေအောင်နှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ ဆိပ်ဖြူမြို့မရဲစခန်းမှ နယ်ထိန်းအရာရှိ ဒုတိယရဲအုပ်အောင်သူနှင့် ရဲတပ်ဖွဲ့ဝင်များက ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဧရာဝတီမြစ်ကမ်းနံဘေး ကျေးရွာများအတွင်း မြစ်ရေဝင်ရောက်မှု အခြေအနေများနှင့် ဧရာဝတီမြစ်အတွင်းသွားလာသည့် ရေယာဉ်များ ရေကြောင်းသွားလာမှု အန္တရာယ်ကင်းရှင်းရေး ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။
ထို့ပြင် မြစ်ကမ်းနဘေးကျေးရွာများနှင့် မြစ်အလယ်ကျွန်းပေါ်တွင် အခြေချနေထိုင်ပြီး စိုက်ပျိုးရေးလုပ်ကိုင်သူ များအား ရေဘေးအန္တရာယ် အသိပညာပေးခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့် အရေးပေါ် အခြေအနေတွင် ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် လုံခြုံရေးဆိုင်ရာ ကိစ္စရပ်များကို အသိပေးပြောကြားပေးခဲ့ကြောင်း သိရသည်။
စိုးလင်းနိုင်(IPRD)


