ယနေ့ ကိုဗစ်ရောဂါပျောက်ကင်း၍ ဆေးရုံမှဆင်းရသူ ၆၀၀၀ ကျော် ရှိပြီး စစ်ဆေးမှုပေါင်း ၁၂၀၀၀ ကျော်တွင် လူပေါင်း ၁၄၀၀ တွင် ကိုဗစ်ရောဂါပိုး တွေ့ရှိသည်ဟု သတင်းထုတ်ပြန်ပါသည်။ ပုံမှန် မဟုတ်သော အခြေအနေများနှင့် ရင်ဆိုင်ရသည့်အခါ လူတို့သည် ရင်ဆိုင်ရမည့် နည်းလမ်းကို ခက်ခဲစွာ ရွေးချယ်ရလေ့ရှိပါသည်။ အထူး သဖြင့် ရင်ဆိုင်ရသော ထိုအခြေအနေသည် အခက်အခဲ၊ အကျပ်အတည်း များဖြင့် ရောပြွမ်းနေသည့်အခါ ဆုံးဖြတ်ရ ပိုမိုခက်ခဲတတ်သည်မှာ သဘာ၀ပဲဖြစ်ပါသည်။ လူတစ်ဦးချင်းအနေဖြင့် ရင်ဆိုင်ရခြင်းမဟုတ်ဘဲ လူ့မှုအဖွဲ့အစည်းအနေဖြင့် ဖြေရှင်းရသည့်အခါ သာ၍၊ သာ၍ အကျပ်ရိုက်တော့သည်။

ယနေ့ကြုံတွေ့နေရသည့် ကပ်ရောဂါဘေးသည် ပုံမှန်တွေ့ကြုံ ရင်ဆိုင်ဖြေရှင်းရသည့် အခက်အခဲမျိုးမဟုတ်ဘဲ ကမ္ဘာတစ်ဝန်းလုံး တစ်ပြိုင်နက်တည်း ကြုံရပြီး နိုင်ငံတိုင်းက ကိုယ့်နည်းကိုယ့်ဟန်ဖြင့် ဖြေရှင်းနေရသည်ဖြစ်ရကား ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး၏ သဘာ၀၊ အခြားသော ရုပ်ဝတ္ထုနောက်ခံအနေအထားတို့ပေါ်တွင် မူတည်ကာ အသင့်လျော်ဆုံးပုံစံကို ရွေးချယ်ကြကာ တုံ့ပြန်နေကြသည်ပဲဖြစ်၏။

အဓိကအကျဆုံး ပြဿနာမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ရောဂါပိုး၏ မာယာပရိယာယ်များမှု ဖြစ်၏။ ယခုထိတိုင် မည်သို့ကူးစက်နိုင်ခြေ ရှိသည်ကိုသာ ပညာရှင်တို့က ပြောနိုင်သည့်အခြေအနေ ဖြစ်သည်။ အပေါ်ယံရုပ်သွင်ကို ကြည့်ရုံဖြင့် မည်သူ့ထံမှာ ပိုးရှိသည်ဆိုတာ မသိနိုင်။ ဓာတ်ခွဲစစ်ဆေးပြီးမှသာ ပိုးရှိ၏ မရှိ၏ကို တပ်အပ်သေချာပြောနိုင် သည့် အနေအထား။ ဓာတ်ခွဲစစ်ဆေးမှုကလည်း သိပ်လွယ်လွယ်ကူကူ ဖြင့် စစ်လို့မရ။ မကြာမီကမှ ရောဂါပိုး အမြန်စစ်ဆေးနိုင်သည့် ကိရိယာ များရရှိလာသောကြောင့် ယခုအခါ မြန်မာနိုင်ငံ၌ ဆက်တိုက်ဆိုသလို မြန်မြန်စစ်ဆေးနေနိုင်ခြင်း ဖြစ်၏။

အခြေခံကျပြီး ခက်ခဲနေသည့်အပိုင်းမှာ ဗိုင်းရပ်စ်ပိုးကာကွယ် နိုင်သည့်ဆေးကို စမ်းသပ်စစ်ဆေးထုတ်လုပ်နိုင်ပြီ ဆိုသော်လည်း အမှန်တကယ် အသုံးပြုနိုင်ပြီဟူ၍ စိတ်ချသုံးစွဲနိုင်သည့် အဆင့်သို့ မရောက်သေးခြင်းဖြစ်၏။ စိတ်ချလက်ချ အသုံးပြုနိုင်သော ကာကွယ် ဆေး တိတိကျကျ မပေါ်သေးသည့်အတွက် လူတစ်ဦးချင်းက မိမိဘာသာ သတိပြုနေထိုင်သည့် ကာကွယ်ခြင်းကသာ အထိရောက်ဆုံး နည်းလမ်းဖြစ်ပေသည်။

ကမ္ဘာ့နိုင်ငံအသီးသီးက မိမိတို့နိုင်ငံ၏ အနေအထားကိုလိုက်၍ အထိရောက်ဆုံးဖြစ်မည်ဟု သုံးသပ်ရရှိသည့် နည်းလမ်းဖြင့် ကာကွယ်နေကြရင်း၊ ကာကွယ်ဆေး အမြန်ဖော်စပ် ထုတ်လုပ်နိုင်ရေးကို အင်တိုက်အားတိုက် ကြိုးစားနေကြပါသည်။

မြန်မာနိုင်ငံတွင်လည်း စီမံခန့်ခွဲနိုင်မည့် အစိုးရတာဝန်ရှိသူများ၊ ကျန်းမာရေးဆိုင်ရာ နားလည်ကျွမ်းကျင်သူ ပညာရှင်များတို့ ဆွေးနွေး ညှိနှိုင်းကြပြီး ဆရာဝန်များ၊ သူနာပြုများ၊ အခြားသော ကျန်းမာရေး ဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်း ပရဟိတသမားများ၊ တတ်နိုင်သည့် နေရာအမျိုးမျိုးက လှူဒါန်းကူညီကြသူများ စသူတို့၏ အင်အားဖြင့် ကိုဗစ်ရောဂါ ကူးစက်ပြန့်ပွားမှုကို ထိန်းချုပ်ကာကွယ်နိုင်ရန် နည်းလမ်းစုံဖြင့် ရင်ဆိုင်ဖြေရှင်းနေကြပါသည်။

ကိုဗစ်ကပ်ရောဂါကို ရင်ဆိုင်ကြရာတွင် လူတို့၏ ကျန်းမာရေး ဆိုင်ရာအသိနှင့် နေထိုင်မှုပုံစံ၊ လူမှုအသိုင်းအဝိုင်း၏ အခြေအနေ၊ အဖွဲ့အစည်းလိုက်ရှိတတ်သည့် စိတ်ဓာတ်အနေအထား၊ နိုင်ငံသား အများစု၏ စည်းကမ်းလိုက်နာမှုနှင့် ကျင့်ဝတ်အပေါ် တန်ဖိုးထားမှုပုံစံ၊ စိတ်နေသဘောထား၊ လူမှုအဖွဲ့အစည်းအပေါ်ထားသည့်အမြင်၊ လူများစု၏ ဆင်းရဲနွမ်းပါးမှုအဆင့်နှင့် အနေအထား၊ ဥပဒေစိုးမိုးမှု အနေအထားနှင့် အလားအလာ အစရှိသည်တို့သည် ကပ်ရောဂါပေါက်ကွဲမှုကို ထိထိရောက်ရောက် ထိန်းချုပ်နိုင်မည့် အခရာအကျဆုံးသော အချက်များဖြစ်ပါသည်။

ဆင်းရဲနွမ်းပါးမှု ပြဿနာမှလွဲလျှင် ကျန်သော အရေးကြီး အချက်အလက်အားလုံးသည် နိုင်ငံသားတို့ တစ်ဦးချင်း အသိဉာဏ် နှင့် အမူအကျင့်တို့ပေါ်တွင် တည်မီနေသည်ကို တွေ့နိုင်ပါသည်။ အားလုံးသည် ပြုပြင် ပြင်ဆင်နိုင်သည့် အမူအကျင့်တို့သာ ဖြစ်ပါသည်။ ယနေ့ ကိုဗစ်ကပ်ရောဂါနှင့် မြန်မာပြည်သူတို့ ရင်ဆိုင်ဖြေရှင်းနေကြ ရသည်မှာ လူတို့၏ အသက်ပေါင်းများစွာနှင့် ဆက်နွှယ်နေသည်ကို သတိပြုသင့်ပါသည်။ မိမိတို့၏ စိတ်နေသဘောထား၊ အသိဉာဏ်ပညာ၊ အမူအကျင့်၊ သတိကြီးမှုနှင့် စည်းကမ်းဥပဒေတို့ကို အလေးထား လိုက်နာမှုတို့အပေါ်တွင် လူပေါင်းများစွာ၏ အသက်များရှိနေသည်ဟု နားလည်ကြရန်လိုပါသည်။

ကိုယ့်တစ်ဦးတည်း၏ အရေးမဟုတ်။ ကိုယ့်မိသားစုမျှသာအတွက် လည်း မဟုတ်။ ကိုယ့်နိုင်ငံသားအားလုံးသာမက လူသားအားလုံး၏ အသက်များကို ကယ်တင်ရေးလည်း ဖြစ်ပါသည်။


အသိဉာဏ်ကြီးခြင်း၊ သတိကြီးခြင်းတို့ဖြင့် လူ့အသက်များစွာကို ကယ်တင်ကြပါစို့ဟု တိုက်တွန်းနှိုးဆော်လိုက်ရပါကြောင်း။ ။

မြန်မာ့အလင်း