မန္တလေး ၈ အောက်တိုဘာ
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ မန္တလေးခုတင်(၁၀၀)ဆံ့ သင်ကြားရေး တိုင်းရင်းဆေးရုံကြီးအား လိုအပ်ပါက Quarantine Centre အဖြစ်အသုံးပြုနိုင်ရေး ကြိုတင်ပြင်ဆင်နိုင်ရန်အတွက် အောက်တိုဘာ ၇ ရက် မွန်းလွဲ ၂ နာရီခွဲက ဌာနဆိုင်ရာ တာဝန်ရှိသူများက အဆိုပါ တိုင်းရင်းဆေးရုံကြီးအား သွားရောက်၍ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။
ထို့သို့ကြည့်ရှု စစ်ဆေးရာတွင် မန္တလေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသန့်နိုင်၊ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာသိန်းဇော်လင်း၊ တိုင်းရင်းဆေးရုံအုပ်ကြီး ဦးကြည်ရှိန်၊ အောင်မြေသာစံမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြို့ဆောင်၊ မြို့နယ်ပြည်သူ့ကျန်မာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကြည်ရွှေ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူး ဦးမင်းအောင်ဖြိုး၊ မြို့နယ်လျှပ်စစ်မန်နေဂျာ ဦးခင်မောင်ဝင်းနှင့် တာဝန်ရှိသူများက Quarantine ဝင်မည့်သူများအား ထားရှိမည့် အဆောင်များအား လိုက်လံကြည့်ရှု စစ်ဆေး၍ အဆောင်အလိုက် လိုအပ်ချက်များရှိပါက ဖြည့်ဆည်းဆောင်ရွက် ပေးရမည့်ကိစ္စရပ်များ၊ ပြင်ဆင်ဆောင်ရွက်ပေးရမည့် ကိစ္စရပ်များကို အမြန်ဆုံး ကြိုတင်ပြင်ဆင် ဖြည့်ဆီးပေးနိုင်ရေး ညှိနှိုင်းဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ဇော်လင်းဦး(အောင်စံ)


