၈ အောက်တိုဘာ
ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကစားသမား ၁၀ဦးစာရင်းကို ထုတ်ပြန်လိုက်ရာမှာ ပြင်သစ်နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ဘာပေက ပေါင် ၂၃၁ သန်းနဲ့ နံပါတ် (၁)နေရာမှာ ရှိနေပါတယ်။ အဲဒီနောက် ဒုတိယနေရာမှာ မန်စီးတီးတိုက်စစ်မှူး စတာလင်းက ပေါင် ၁၇၃ သန်းနဲ့ ရပ်တည်နေပြီး ဒေါ့မွန်တိုက်စစ်မှူး ဆန်ချိုက ပေါင် ၁၅၉ သန်းနဲ့ တတိယ၊ လီဗာပူးနောက်ခံလူ အာနိုးက ပေါင် ၁၅၂ သန်းနဲ့ စတုတ္ထ၊ မန်ယူတိုက်စစ်မှူး ရက်ဖို့ဒ်က ပေါင် ၁၃၅ သန်းနဲ့ ပဉ္စမနေရာမှာ အသီးသီး ရပ်တည်နေကြပါတယ်။ ထိပ်ဆုံး ငါးနေရာကို ရယူနိုင်တဲ့ ကစားသမားတွေအားလုံးဟာ အသက် (၂၅)နှစ်အောက်အရွယ်တွေပဲဖြစ်ပြီး ထူးခြားတာက ထိပ်ဆုံး ငါးဦးမှာ အင်္ဂလန်ကစားသမား လေးဦးအထိပါဝင်နေတာဖြစ်ပါတယ်။
အဲဒီနောက် လီဗာပူးတိုက်စစ်အတွဲဖြစ်တဲ့ မာနေးနဲ့ ဆာလာတို့က ဆဌမနဲ့ သတ္တမနေရာတွေမှာ အစဉ်လိုက်ရှိနေပြီး ဘာစီလိုနာတိုက်စစ်မှူး ဂရစ်ဇ်မန်းက အဌမနေရာမှာ ရှိနေပါတယ်။ ဘိုင်ယန်က အယ်လ်ဖွန်ဆိုဒေးဗစ်နဲ့ စပါးတိုက်စစ်မှူး ဟယ်ရီကိန်းတို့ကလည်း တန်ဖိုးအမြင့်ဆုံးကစားသမား ၁၀ဦးစာရင်းမှာ ပါဝင်နေပါတယ်။ တန်ဖိုးအမြင့်ဆုံး ကစားသမားစာရင်းမှာ ပါဝင်နေသူအများစုက အာနိုးက လွဲရင် ကျန်ကစားသမားတွေက တိုက်စစ်ကစားသမားတွေသာ ဖြစ်နေတာကလည်း နောက်ထပ်ထူးခြားချက်တစ်ရပ်ပါ။
မေလဲ့သင်း