၈ အောက်တိုဘာ
စကော့တလန်နိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကူးစက်ခံရသူ အရေအတွက် များနေတဲ့အတွက် အဓိကမြို့ကြီးတွေဖြစ်တဲ့ ဂလက်စကိုနဲ့ အက်ဒင်ဘရာ မြို့တွေအပါအဝင် စကော့တလန် အလယ်ပိုင်းရှိ ဘားတွေနဲ့ ဘုံဆိုင်တွေအားလုံးကို သီတင်းနှစ်ပတ်ပိတ်ရန် စကော့တလန်ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့က ကြေညာလိုက်ပါတယ်။
စကော့တလန်ရဲ့ လူနေထူထပ်တဲ့နေရာတွေဖြစ်တဲ့ ဂလက်စကိုကနေ မြို့တော်ရှိရာ အက်ဒင်ဘရာအထိ အောက်တိုဘာ ၉ ရက်နေ့မှ ၂၅ ရက်နေ့ထိ ဆိုင်တွင်းနဲ့ ဆိုင်အပြင် အရက်သေစာရောင်းချခွင့်ကို ပိတ်သွားမှာဖြစ်ကြောင်း၊ ပါဆယ်ရောင်းခွင့်ရှိကြောင်း ဝန်ကြီးချုပ်က ရှင်းလင်းပြောကြားပါတယ်။
အခုထုတ်ပြန်တဲ့အမိန့်ဟာ အောက်တိုဘာ ၉ ရက် သောကြာနေ့ ညနေ ၆ နာရီကစပြီး အသက်ဝင်မယ်လို့ သိရပြီး လူပေါင်း ၃ ဒသမ ၄ သန်း အပေါ် သက်ရောက်မယ်လို့ သိရပါတယ်။
ပိတ်ပင်ထားတဲ့ နေရာမဟုတ်တဲ့ စကော့တလန်ရဲ့ တခြားဒေသများမှာ ရှိတဲ့ ဘုံဆိုင်တွေမှာ အရက်သေစာကို ဆိုင်အပြင်မှာပဲ သောက်သုံးခွင့်ရမယ်လို့ သိရပါတယ်။
အခုလို ဆုံးဖြတ်ချက် ချရတာ ခက်ခဲကြောင်းနဲ့ အခုလိုမျိုး မထိန်းချုပ်ခဲ့ရင် ဒီလကုန်ပိုင်းမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ အရေအတွက်ဟာ အများဆုံးအခြေအနေကို ရောက်ရှိသွားနိုင်ကြောင်း ဝန်ကြီးချုပ်က သတိပေးပြောကြားပါတယ်။
အခုလို စည်းမျဉ်းတွေတင်းကျပ်လိုက်တဲ့အတွက် စီးပွားရေးလုပ်ငန်းတွေအပေါ် ထိခိုက်မယ်ဆိုတာ သိသလို လူအများစုကတော့ ဒီအမိန့်ကို ကြိုက်မှာ မဟုတ်တာကိုလည်း သူ့အနေနဲ့ သိကြောင်း ဝန်ကြီးချုပ် နီကိုလာ စတာဂျင်က ပြောပါတယ်။
စကော့တလန်မှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၂၄ နာရီအတွင်း ၁,၀၅၄ ဦးရှိရာ နေ့ စဉ် ပိုးတွေ့ရှိသူ ၇ ရာခိုင်နှုန်း တိုးနေကြောင်း ကျန်းမာရေးဌာနထုတ်ပြန်ချက်အရ သိရပါတယ်။ စကော့တလန်မှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ ၂,၅၃၃ ဦး ရှိကြောင်း သိရပါတယ်။
MDN
ကိုးကား - AFP